ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်အောင်တို့အမှုကို စစ်တွေခရိုင်တရားရုံးတွင် တစ်ပေါင်းတည်း စစ်ဆေးရန်အမိန့်ချ

ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်အောင်တို့အမှုကို စစ်တွေခရိုင်တရားရုံးတွင် တစ်ပေါင်းတည်း စစ်ဆေးရန်အမိန့်ချ
by -
မာန်ယုကျော် (ရွှေဝမြေ)
ဓာတ်ပုံ - ဇွန်လ ၂ဝ ရက်နေ့ကရုံးချိန်းတွင် ဒေါက်တာအေးမောင်အား တွေ့ရစဉ်။
ဓာတ်ပုံ - ဇွန်လ ၂ဝ ရက်နေ့ကရုံးချိန်းတွင် ဒေါက်တာအေးမောင်အား တွေ့ရစဉ်။

ဒေါက်တာအေးမောင်နှင့်စာရေးဆရာဝေဟင်အောင်တို့ အမူကို ယခင်ကလို စစ်တွေမြို့နယ်တရားရုံးနှင့် ခရိုင်တရားရုံးတို့တွင် ခွဲပြီး မစစ်ဆေးတော့ဘဲ စစ်တွေ ခရိုင်တရားရုံးတစ်ခုတည်းတွင် အမှု ၃ ခုစလုံးကို တစ်ပေါင်းတည်းစစ်ဆေးသွားတော့မည် ဖြစ်သည်။

ယနေ့ ဇွန်လ ၂ဝ ရက်နေ့တွင် သူတို့နှစ်ဦးအား ခရိုင်တရားရုံးတွင် ရုံးထုတ်လာခဲ့ပြီး တရားသူကြီးက ထိုသို့ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အားစွဲဆိုထားသည့်အမှု ၃ ခုအနက် နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ)နှင့် ၊ မတရားအသင်း ဆက်သွယ်သည့် ပုဒ်မ ၁၇ (၁) အမူ ၂ ခုကို စစ်တွေမြို့နယ် တရားရုံးတွင် ရင်ဆိုင်နေခဲ့ကြရပြီး ကျန် အမှု တစ်ခုဖြစ်သည့် နိုင်ငံတော်ကိုပုန်ကန်မှုပုဒ်မ ၁၂၂ ကို စစ်တွေခရိုင်တရားရုံးတွင် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

"ရုံးပေါင်းပါတယ်။ လာမယ့် ရုံးချိန်းက စတင်ပြီး အမှု ၃ ခုစလုံးကို ခရိုင်တရားရုံးမှာ ပေါင်းစစ် တော့မှာ ဖြစ်ပါတယ် "ဟု တရားစွဲခံနေရသည့် အမ်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က နိရဥ္စရာ သတင်းဌာန၏ မေးမြန်းမှုကို ပြန်လည် ဖြေကြား ပြောဆိုသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်တို့ကို ရုံးထုတ်စစ်ဆေးလာရာ ယနေ့ ရုံးထုတ် စစ်ဆေးမှုသည် (၁၄)ကြိမ်မြောက်ဖြစ်ပြီး လာမည့် ဇွန်လ ၂၇ ရက်နေ့တွင် (၁၅) ကြိမ်မြောက် စစ်ဆေးရန် ရုံးချိန်းပေးလိုက်သည်ဟု သိရသည်။

"ရုံးပေါင်းလိုက်တော့ မြန်သွားတာပေါ့ဗျာ။ ကျနော်တို့ကတော့ မြန်မြန်လေးစစ်စေချင်တယ်။ လူထုကလည်း မျှော်လင့်နေကြတယ်။ မြန်မြန်လေးစစ်တော့ မြန်မြန်လေး အဖြေရတာပေါ့ဗျာ။" ဟု ဒေါက်တာအေးမောင်က သတင်းထောက်များကို ပြောသည်။

စာရေးဆရာကိုဝေဟင်အောင်အား သူ့အမြင်ကို သိလို မေးမြန်းရာ ဒေါက်တာ အေးမောင်ကိုသာ မေးပါဟု ပြောကြားသည်။

သူတို့နှစ်ဦးသည် ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့တွင်ပြုလုပ်ခဲ့သည့် ရခိုင့်ဘုရင့် နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်းအောက်မေ့ဖွယ်နေ့အခမ်းအနားတွင် တက်ရောက် ဟောပြောခဲ့သည့် အတွက် နိုင်ငံတော်ကိုအကြည်အညိုပျက်စေမှုပုဒ်မ၊ မတရားအသင်းနှင့် ဆက်သွယ်သည့်ပုဒ်မနှင့် နိုင်ငံတော်ကိုပုန်ကန်မှုပုဒ်မတို့ဖြင့် ဖမ်းဆီးတရားစွဲခံနေရခြင်းဖြစ်သည်။

May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...