နိုင်ငံသား မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးနှင့် လုပ်ငန်းခွင်ဝင်ရောက်နိုင်မှု တိုးမြှင့်ရရှိစေရေး အသိပညာပေး ဆွေးနွေးပွဲတစ်ခုကို စစ်တွေမြို့ စစ်တွေဟိုတယ်၌ ဇွန်လ ၁၈ ရက်နေ့တွင် ပြုလုပ်လျက်ရှိသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ရည်ရွယ်ချက်နှစ်ခုဖြင့် ပြုလုပ်နေသည်ဟု သိရသည်။
“ရခိုင်ပြည်နယ်မှာရှိတဲ့ ဝေးလံခေါင်းဖျားတဲ့ နေရာမှာ ရှိတဲ့ ညီအကို မောင်နှမ မသန်းစွမ်းသူတွေရဲ့ ဘဝအခက်အခဲ အခြေအနေတွေကို ဖော်ထုတ်ဖို့ရယ်၊ သူတို့ရဲ့ အနာဂတ်အတွက် စိတ်ကူး စိတ်သန်း တွေကို ဖော်ထုတ်ပြီးတော့ သူတို့လျှောက်ရမယ့်လမ်းကို ဖော်ထုတ်ဖို့နဲ့ ဖြေရှင်းဖို့ နည်းလမ်းတွေကို ရှာဖွေဖို့ အတွက် ဖြစ်ပါတယ်” မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးမြတ်သူဝင်းက သတင်းထောက်များကို ပြောသည်။
၎င်းအလုပ်ရုံဆွေးနွေးပွဲသို့ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မင်းပြားမြို့နယ်တို့မှ မသန်စွမ်းသူများတက်ရောက်ခဲ့ကြသည်။
အသင်းချုပ်၏ စစ်တမ်းများအရ ရခိုင်ပြည်နယ်ရှိ မသန်စွမ်းသူများ၏ တစ်လဝင်ငွေသည် ၉၀၀၀ ကျပ်သာရှိကြောင်း၊ သို့သော်လည်း သူတို့၏ အခွင့်အရေးနှင့် ဆုံးရှုံးနေမှုများကို တောင်းဆိုရန် မသန်စွမ်းသူများ အနေဖြင့် မသိရှိကြဟု ဦးမြတ်သူဝင်းက ပြောဆိုသည်။
အခမ်းအနားသို့ တက်ရောက်လာခဲ့သည့် ရခိုင်ပြည်နယ် လူမှုရေး ဝန်ကြီး ဒေါက်တာချမ်းသာက “ကျနော်တို့နိုင်ငံမှာ ဒီမသန်စွမ်းသူများအသင်းချုပ် ဖွဲ့စည်းတည်ထောင်ပြီးတဲ့နောက်ပိုင်း ဒီမသန်စွမ်းသူတွေနဲ့ ပတ်သက်လို့ ကျနော်တို့ အခွင့်အရေး၊ ဥပဒေတွေ ပြဌာန်းပေးခဲ့ပါပြီ။ ဒီဥပဒေတွေ မပေါ်ခင်ကတည်းကပဲ အခု ဒီမှာရောက်လာတဲ့ ဆရာဦးမြတ်သူဝင်းတို့ ကြိုးစားပမ်းစားနဲ့ ကိုယ်တစ်ပိုင်တစ်နိုင် မသန်စွမ်းသူတွေ အခွင့်အရေးကို ဆောင်ရွက်ခဲ့ရာမှာ ကျနော်တို့ တစ်တိုင်းတစ်ပြည်လုံးက အားလုံးက ဒီဥပဒေကို အသိအမှတ် ပြုခဲ့ကြရပါတယ်”ဟု အဖွင့်မိန့်ခွန်းတွင် ပြောကြားသွားခဲ့သည်။
မြန်မာနိုင်ငံတွင် မသန်စွမ်းသူများအရေးကို ထည့်သွင်းစဉ်းစားနေကြသော်လည်း မသန်စွမ်းသူများ သွားလာရေး အဆင်ပြေစေရန် လမ်းများ၊ ဆေးရုံများ၊ စာသင်ကျောင်းများအပါအဝင် အဆောက်အဦများ၌ မသန်စွမ်းသူများအတွက် ရည်ရွယ်ပြီး တည်ဆောက်ထားမှု မရှိသည့်အပြင် မသန်စွမ်းသူများကို အစိုးရလုပ်ငန်းများတွင် တရားဝင်နေရာပေး ခန့်အပ်မှု မရှိသေးဟု လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ထောက်ပြသွားခဲ့သည်။
ယနေ့တွေ့ဆုံပွဲမှ ရလဒ်များကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြသွားမည့်အပြင် ဦးမြတ်သူဝင်းသည် ယနေ့ နေ့လယ်ပိုင်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပုနှင့် တွေ့ဆုံပြီး မသန်းစွမ်းသူများ အရေးနှင့် ဆွေးနွေးသွားမည်ဟု သိရသည်။
မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်ဇွန်လတွင် မသန်စွမ်းသူများ ကောင်စီကို ဖွဲ့စည်းခဲ့ပြီး၊ မသန်စွမ်းသူများ အခွင့်အရေးဥပဒေသည် ဥပဒေ ၃၀ ဖြင့် ၂၀၁၅ ဇွန်လ ၅ ရက်နေ့တွင် ပေါ်ပေါက်လာကာ ထိုဥပဒေအတိုင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်ကို ၂၀၁၆ ခုနှစ်တွင် တရားဝင်ဖွဲ့စည်းခဲ့သည်ဟု သိရသည်။
၂၀၁၄ ခုနှစ် သန်ခေါင်းစာရင်းအရ မြန်မာနိုင်ငံတွင် မသန်စွမ်းသူပေါင်း ၂ သန်းနှင့် ၃ သိန်းရှိပြီး လူဦးရေ အားလုံး၏ ၄.၆ ရာခိုင်နှုန်းရှိသည်ဟု သိရှိရသည်







