ရခိုင်ပြည်နယ်အရေးကိစ္စအား သတင်းလိုက်ခဲ့သဖြင့် တရားစွဲခံရခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံအား သိစေချင်ဟု သတင်းထောက် ဝလုံးပြော

ရခိုင်ပြည်နယ်အရေးကိစ္စအား သတင်းလိုက်ခဲ့သဖြင့် တရားစွဲခံရခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံအား သိစေချင်ဟု သတင်းထောက် ဝလုံးပြော
by -
ရဲနိုင်(လောက်ကိုင်)

နိုင်ငံတော်လျှို့ဝှက်ချက်များဥပဒေဖြင့် ဖမ်းဆီးတရားစွဲတင်စစ်ဆေးနေသည့် ရိုက်တာသတင်းထောက်နှစ်ဦးထဲမှ သတင်းထောက်ကိုဝလုံးက ၎င်းတို့နှစ်ဦးမှာ ရခိုင်ပြည်နယ်အရေးကိစ္စအား သတင်းလိုက်ခဲ့သည့်အတွက် တရားစွဲခံနေရသည့်အကြောင်းကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား သိစေချင်သည်ဟု တရားခွင်က အထွက်တွင်ပြောသည်။

ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ယနေ့ ဇွန်လ ၁၈ ရက်၊ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် ၂၇ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး တရားခွင်က အထွက်တွင် သတင်းထောက်ကိုဝလုံးက ထို့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကျွန်တော်တို့တွေ နှစ်ပတ်တိတိ စစ်ကြောရေးစခန်းမှာ မေးခွန်းတွေအများကြီးမေးခံခဲ့ရတယ်။ ရခိုင်ပြည်နယ် အရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ကို ကျွန်တော်တို့ ပြောဆိုခဲ့တာတွေရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး တော့မှ ကျွန်တော်တို့ကတော့ နိုင်ငံတော်အစိုးရကို အထူးသဖြင့် ဒီနိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကို သိစေချင်ပါတယ်။ ကျွန်တော်တို့ အခုလိုတရားစွဲဆိုခံရတာသည် ရခိုင်ပြည်နယ်အရေးကိစ္စကို သတင်းလိုက်ခဲ့လို့ ဖြစ်တယ်ဆိုတာကို ဒီနေရာကနေပြောချင်ပါတယ်။ သူ (ဒေါ်အောင်ဆန်းစုကြည်) ပြောတဲ့ဟာ မဟုတ်ဘူးဆိုတာကို ငြင်းပါတယ်။ ပိုပြီးတော့ ကျွန်တော်သတင်းသမားတစ်ယောက်နေနဲ့ ခံစားရလို့ပါ”ဟု ဖမ်းဆီးခံရိုက်တာ သတင်းထောက် ကိုဝလုံးက ပြောသည်။

အဆိုပါ အမှုကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံ၊ တိုကျိုအခြေစိုက် NHK သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ရိုက်တာသတင်းထောက်နှစ်ဦးမှာ ရခိုင်ပြည်နယ် အရေးကိစ္စများအား ဖော်ထုတ်ခဲ့သဖြင့် ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ နိုင်ငံတော်၏ လျှို့ဝှက်ချက်ကို ချိုးဖောက်ခဲ့ သည့်အတွက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဖြေဆိုထားသည်ကို  NHK သတင်းဌာန၏ ဇွန်လ ၈ ရက်နေ့ သတင်းတွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံအခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုလုံးဝနှင့်  ကိုကျော်စိုးဦးတို့မှာ ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လအတွင်းက ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊  အင်းဒင်ကျေးရွာတွင် လုံခြုံရေးတပ် ဖွဲ့ဝင်များက အမျိုးသား ၁ဝ ဦးကို ဥပဒေမဲ့သတ်ပစ်ခဲ့သည့် သတင်းအား စုံစမ်းရင်း ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်၊ ညပိုင်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ရိုက်တာသတင်းထောက်နှစ်ဦးကို  ဖမ်းဆီးခဲ့ပြီးနောက် မရမ်းကုန်းမြို့နယ်ရှိ အောင်သပြေစစ်ကြောရေးစခန်းသို့ ပို့ကာ ၃ ရက်တိတိ ပေးမအိပ်ဘဲ စစ်မေးခဲ့ခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် ရုံးချိန်းက ဖမ်းဆီးခံ ကိုဝလုံးတို့ ဘက်မှ လိုက်ပါဆောင်ရွက်သူ ရှေ့နေက ပြောဆိုခဲ့သော်လည်း တရားလိုပြရဲသက်သေများက ထို့သို့ အောင်သပြေ စစ်ကြောရေးစခန်းသို့ ပို့ဆောင်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။

“ ပြီးခဲ့တဲ့ ရဲမှူးမြင့်လွင် ထွက်ဆိုချက်အရတော့ ဖမ်းဆီးပြီးတဲ့ အချိန်ကာလအတိုင်းအတာတစ်ခုထိ သူတို့ ထောက်ကြံ့စခန်းမှာ ချုပ်နှောင်ထားတယ်ဆိုပြီးတော့ သူကပြောသွားတယ်။ နောက်ဒီနေ့ သက်သေရဲ့ ထွက်ဆို ချက်အရ ဝလုံးတို့ ကျော်စိုးဦးတို့က တပ်ရင်း ၈ နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို ဘယ်သူ့ ဆီကရယူခဲ့ တယ်ဆိုတဲ့ စုံစမ်းစစ်ဆေးချက်ကို မဖော်ထုတ်နိုင်ဘူး။ နောက်တစ်ခါ ဒီတယ်လီ ဖုန်း တွေထဲက တွေ့တယ်ဆိုတဲ့ အထောက်အထားတွေနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာရုံးဌာနတွေက တာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေး ခဲ့တာမရှိဘူး ”ဟု ရိုက်တာသတင်းထောက်နှစ်ဦးဘက်မှ လိုက်ပါဆောင်ရွက်သူ တရား လွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ယနေ့ ရုံးချိန်းတွင် CID မှ အမှုစစ်ရဲမှူး တင်ဝင်းမောင်ကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး စစ်ဆေးရန်ကျန်ရှိသည့် ရဲတပ်ကြပ်ကြီးခင်မောင်လင်းကို တရားလိုပြရှေ့နေများလျှောက်ထားချက်အရ တရားလိုပြသက်သေမှ ပယ်ဖျက်လိုက်သည်။

ထို့ကြောင့် ယနေ့ ဇွန်လ ၁၈ ရက်နေ့ ရုံးချိန်းတွင် ရိုက်တာသတင်းထောက်အမှုနှင့်  ပတ်သက်ပြီး တရားလိုပြ သက်သေများ အားလုံးစစ်ဆေးပြီးစီးခဲ့ပြီးဖြစ်သည်။

အဆိုပါ အမှုတွင် တရားလိုပြသက်သေ ၂၅ ဦးထိတင်သွင်းထားခြင်းဖြစ်ပြီး ၂၂ ဦးထိ စစ်ဆေးခဲ့ခြင်းဖြစ်ကာ ရဲတပ်ကြပ်ကြီးခင်မောင်လင်းအပါအဝင် သက်သေ ၃ ဦးကို ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။

ရိုက်တာသတင်ထောက်နှစ်ဦးအမှုအား ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက လာမည့် ဇူလိုင်လ ၂ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်ပြီး ယင်းရုံးချိန်းတွင် စွဲချက်တင်သင့်၊ မတင်သင့်နှင့် ပတ်သက်ပြီး နှစ်ဖက်ရှေ့နေများ၏ လျှောက်လဲချက်အား ကြားနာမည်ဖြစ်ကြောင်း သိရသည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...