ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မြို့နယ်တွင် နေထိုင်ကြသည့် ခမီးတိုင်းရင်းသား ကျေးရွာများလည်း ရေနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများရှိသလို အနည်းဆုံး လူတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ပုဏ္ဏားကျွန်း မြို့နယ်တွင် မောင်းမချောင်း လွန်ပူကျေးရွာတွင် တောင်မြေပြို၍ နေအိမ်ကို မြေပိသဖြင့် ခမီး အမျိုးသား မောင်မိုးဇော်(ခ) ဇော်ထွန်း (၁၆)နှစ် (ဘ) ဦးလပြည့်အောင် သေဆုံးသွားကြောင်း သိရသည်။
“ သေဆုံးတာက တစ်ယောက်ရှိပါတယ်။ လွန်ပူရွာက ဇော်ထွန်း(ခ) မိုးဇော်ဖြစ်ပါတယ်။ ဇွန်လ ၁၄ ရက်နေ့က မြေပြိုပြီး ဆုံးသွားတာပါ” ဟု ပုဏ္ဏားကျွန်း မြို့မ ရဲစခန်းမှ ဒုရဲအုပ် တင်မောင်ဝင်းက နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။
၎င်းပြင် သေဆုံးသွားသူ မောင်မိုးဇော်(ခ) ဇော်ထွန်းဖခင် ဦးလပြည့်အောင်အားလည်း ဒဏ်ရာပြင်းထန်သဖြင့် ပိုးရွှီပြင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု သိရသည်။
မိုးအဆက်မပြတ်ရွာသွန်းပြီး ရေနစ်ပျက်စီးခဲ့ရသည့် ခမီးအမျိုးသားကျေးရွာများမှာ စမ်းမတွီ့ချောင်းတစ်လျှောက်မှ ကြိမ်ချောင်း၊ ဂဏန်းမဲနှင့် ထောင်လောင်ပွန်းတို့ ဖြစ်ကြပြီး မင်းမချောင်းမှ ဥယျာဉ်သာ၊ ပိန္နဲတော၊ နဂါးမောက်၊ ဒိပ္ပရွာ၊ ချော်ရည်စသည့် ကျေးရွာများ ဖြစ်ကြသည်ဟု သိရသည်။
“ အိမ်တွေ တော်တော်များများ ပျက်စီးသွားပါတယ်။ ဥယျာဉ်သာရွာမှာဆိုရင် အိမ် ခုနှစ်ဆောင်- ရှစ်ဆောင်ထိ ရေထဲလုံးပါသွားပြီး အစအနတောင် ရှာလို့မရတော့ဘူး။ ပိန္နဲတောမှာဆိုရင်လည်း ၅ ဆောင်လောက်ရေထဲပါသွားပါတယ်။ ရေထဲမမျောပါပေမယ့် ပျက်စီးသွားတဲ့ အိမ်တွေလည်း အများအပြားရှိပါတယ်” ဟု ၎င်းဒေသသို့ကိုယ်တိုင်သွားကြည့်ခဲ့သူ ခမီးလူမှုရေး ဆောင်ရွက်နေသူ ကိုအင်္ဂါအောင်က ပြောသည်။
ရေဘေးဒဏ်ကြောင့် ခမီလူမျိုး ၃၀၀ ခန့် ထိခိုက်ခံစားနေကြရပြီး အစားအစာပြတ်လပ်မှုများ၊ သောက်ရေ မရရှိမှုတို့နှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု သူက ပြောဆိုသည်။
“ ရေက ၁၀ ပေ၊ ၁၅ ပေထိ တက်ခဲ့တော့ ရေကန်တွေအကုန်လုံး ရွံ့နွံတွေ ဖုံးသွားခဲ့ပါတယ်။ သိုလှောင်ထားတဲ့ ဆန်စပါးတွေလည်း အကုန်ရေထဲပါကုန်တယ်။ သူတို့အတွက် အရေးပေါ် အကူအညီများ လိုအပ်နေပါတယ်။ အစိုးရက ကူညီတာ တစ်ချို့တော့ရှိပါတယ်။ ဒါပေမယ့် အရမ်းနည်းပါတယ်” ဟု ကိုအင်္ဂါအောင်က ပြောဆိုသည်။
ယခုရေနစ်မြုပ်သည့် ခမီးတိုင်းရင်းသားကျေးရွာများမှာ ပုဏ္ဏားကျွန်း မြို့မှ ဆိုလျှင် သုံးလေးနာရီ သွားရပြီး သွားလာရခက်ခဲသဖြင့် အကူအညီများ ရောက်ရှိရန် အခက်အခဲများရှိနေကြောင်း သိရှိရသည်။







