ပုဏ္ဍားကျွန်းမြို့နယ် သြရမရွာတွင် ရေကြီးပြီး အပျက်အစီးများ၍ အစားအစာပြတ်လပ်နေဟုဆို

ပုဏ္ဍားကျွန်းမြို့နယ် သြရမရွာတွင် ရေကြီးပြီး အပျက်အစီးများ၍ အစားအစာပြတ်လပ်နေဟုဆို

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် သြရမရွာတွင် ရေကြီးပြီး အိမ်များရေထဲ မျောပါမှုများ ရှိသလို အိမ်ခြေ ၂၀၀ ခန့်လည်း ရေနစ် ပျက်စီးခဲ့သဖြင့် အစားအစာနှင့် သောက်ရေများ ပြတ်လပ် နေကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်က ပြောကြားသည်။

ထိုသို့ အခက်အခဲများရှိနေသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆောင်သော ကျေးရွာ လူကြီးပါဝင်သော အဖွဲ့ တစ်ဖွဲ့သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အား တင်ပြရန် စစ်တွေမြို့သို့ ဇွန်လ ၁၆ ရက်နေ့တွင် ရောက်ရှိလာခဲ့သည်ဟု သိရသည်။

“ ကျွန်တော်တို့ရွာမှာ တကယ့်ကို အခက်အခဲရှိနေပါတယ်။ ရေတက်လို့ အိမ်တွေ ပစ္စည်းတွေ အကုန်လုံးပျက်စီးသွားပါတယ်။ တကယ့်တကယ် ပျက်စီးသွားတာက အိမ်ခုနှစ်ဆောင်၊ မြေပေါ်မှာ ဝပ်သွားတဲ့ အိမ်တွေလည်း ရှိပါတယ်။ အခု အိမ်ခြေ ၂၀၀ လောက်ကတော့ ရေနစ်ခဲ့ပါတယ်” ဟု ဦးသန်းလိူင်က ပြောသည်။

သြရမရွာတွင် မိုးအဆက်မပြတ်ရွာသွန်းသဖြင့် တောင်ကျချောင်းရေမှာ ၁၃ ပေနှင့် ၁၅ ပေအကြားမြင့်တက်ခဲ့ကြောင်း၊ ဆန်စပါးများအားလုံး ရေနစ်ကုန်ကြောင်း၊ အိမ်မွေး တိရစ္ဆာန်များလည်း သေဆုံးမှုရှိကြောင်း၊ အခြေအနေအရပ်ရပ်ကို တင်ပြရန် စစ်တွေသို့ လာရောက်ခြင်း ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

ကျေးရွာရာအိမ်မှူးဖြစ်သူ ဦးအောင်ဝင်းမြင့်က “ လူတွေ ဒုက္ခဖြစ်နေကြတယ်။ ရေနစ်ခဲ့တဲ့ အတွက် အခက်အခဲဖြစ်နေကြတယ်။ ထမင်းလည်း မစားရဘူး။ သောက်ရေလည်း မရှိဘူး။ သောက်ရေတွေက ရွံ့ရေဖြစ်နေတော့ သောက်လို့မရပါဘူး။ ရွာထဲမှာ ရေနစ်နေတုန်းပါဘဲ။ အခုတော့ ရေကျသွားပါပြီ။ ဒါပေမယ့် ရွာထဲက လမ်းတွေမှာ သွားလာလို့ မရပါသေးပါဘူး” ဟု ပြောကြားသည်။

သြရမရွာတွင် အိမ်ခြေ ၂၀၆ ဆောင်ရှိပြီး လူဦးရေ ၇၆၀ ခန့်ရှိကြောင်း၊ မြို့ပေါ်နှင့် ကုန်းတစ်တန်၊ ရေတစ်တန်သွားရပြီး အလွန်ဝေးကြောင်း သိရသည်။ ယခုကဲ့သို့ အခက်အခဲ ရှိနေသဖြင့် အပျက်အစီးစာရင်းကို ပုဏ္ဍားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးကို တင်ပြထားကြောင်း သိရသည်။

သြရမကျေးရွာအနီး တောဖျားချောင်း အနီးတွင် တည်ရှိသည့်ကျေးရွာများလည်း ရေလွမ်းခြင်းကို ခံခဲ့ရပြီး ထိုအထဲတွင် ချောင်းပေါက်၊ ပါပေအုပ်စု၊ ဆင်ပုန်းဝ၊ ဖကြွယ်၊ ခွေးသေ၊ ခပွေတို့ပါဝင်ကြောင်း သိရသည်။ (မှတ်ချက်- ဖုန်းထဲက အသံမကြည်လင်သဖြင့် ရွာနာမည်များ မှားနိုင်ပါသဖြင့် အမှားပါရှိက နားလည်ပေးကြပါရန်)

အလားတူ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ဒိပ္ပ၊ ကွန်းတောင် ၊ ယာချောင်း၊ တံဘက်လှန်း ၊ ဂန့်ဂါ ၊ ကျောက်ပြင်ဆိပ် စသည့် ကျေးရွာအုပ်စု များတွင်လည်း အိမ်များ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်း များလည်း ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...