ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖွင့်လှစ်ထားသည့် စစ်တွေ လူမှုရေးသိပ္ပံ ဒီပလိုမာ သင်တန်းကျောင်း ( Akyab Institute of Social Studies) မှ သင်တန်းသူ သင်တန်းသားများ သင်တန်းဆင်းဒီပလိုမာ လက်မှတ်ပေးအပ််ပွဲကို စစ်တွေဟိုတယ်တွင် ဇွန် ၁၆ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။
အလုပ်သင် ၂ လအပါအဝင် ၁၁ လ တိတိ သင်ကြားပို့ချခဲ့သည့် အဆိုပါ သင်တန်းတွင် အောင်မြင်စွာ သင်ကြားနိုင်ခဲ့ကြသည့် သင်တန်းသူ သင်တန်းသား ၃၀ ဦးကို အခမ်းအနား ပြုလုပ်ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဒီကျောင်းမှာက ခေါင်းဆောင်မှုအရည်အချင်း၊ ဆက်သွယ်မှု အရည်အချင်းနဲ့ တွေးခေါ်မှု ပိုင်းဆိုင်ရာတွေကို ဦးစားပေးသင်ပေးပါတယ်။ သင်တန်းဖွင့်ရတဲ့ ရည်ရွယ်ချက်ကတော့ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ လူငယ်တွေ စွမ်းရည်ရှိဖို့ လိုအပ်ပါတယ်။ ရခိုင်ပြည်ငြိမ်းချမ်းအောင် ဖွံ့ဖြိုးအောင် လုပ်မယ်ဆိုရင် လူငယ်တွေမှာ စွမ်းရည်ရှိဖို့ လိုအပ်ပါတယ်။ ဒီအတွက် ဒီသင်တန်းကို ဖွင့်လှစ်ပို့ချရတာ ဖြစ်ပါတယ်”ဟု Peace and Development Initiative (PDI/Kintha) ကို တည်ထောင်သူ သင်တန်းကျောင်း၏ ဒါရိုက်တာ ကိုကျော်ဆန်းလှိုင်က ပြောသည်။
၎င်းသင်တန်းတွင် အင်္ဂလိပ်စာ၊ နိုင်ငံရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ကျားမရေးရာဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချခဲ့သည်ဟု သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်မှ သင်တန်းသူ မဝင်းဝင်းအေးက “အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုလို့ရှိရင် အစိုးရပညာရေးစနစ်ကို မကြိုက်တဲ့ အတွက်ကြောင့် ဒီကျောင်းမှာ လာတက်တာ ဖြစ်ပါတယ်။ ဒီကျောင်းတက်ပြီးတဲ့ နောက်မှာ စဉ်းစား တွေးခေါ်မှု အများကြီး တိုးတက် ပြောင်းလဲ သွားပါတယ်။ အရင်တုန်းက တွေးခေါ်မှု အပိုင်းမှာ အားနည်းခဲ့ပေမယ့် အခုဆိုရင် နည်းစနစ်ကျကျ တွေးခေါ်တတ်သွားပါပြီ” ဟု ပြောသည်။
ကျောင်းတွင် စုပေါင်းလေ့လာမှုများကို ပြုလုပ်ခဲ့ရပြီး၊ အစိုးရပညာသင်ကျောင်းများကဲ့သို့ တစ်ဦးချင်း ဖြေဆိုရသည့် နည်းစနစ်မျိုး မဟုတ်ဘဲ စာမေးပွဲတိုင်းကို ပူးပေါင်းဖြေဆိုခဲ့ရသည်ဟု သိရသည်။
သင်တန်းမှာ ပထမဆုံး အကြိမ် ဖွင့်လှစ်ခြင်း ဖြစ်ပြီး သင်တန်းတွင် အမြဲတမ်းသင်ကြားပေးသည့် ဆရာ/ ဆရာမ ၅ ဦးရှိပြီး၊ ဒေသခံနှင့် နိုင်ငံခြားသား ဆရာများကို ခေါ်ယူလျက် အလုပ်ရုံ ဆွေးနွေးပွဲများကိုပါ ပြုလုပ်ပေးခဲ့သည်ဟု သိရသည်။
ဒုတိယအဖြတ် သင်တန်းအတွက် သင်တန်းသားများကို ခေါ်ယူနေပြီဖြစ်ပြီး၊ သင်တန်း တက်ရောက် လိုသူများ အနေဖြင့် ဇွန်လ ၂၂ ရက်နေ့ကို နောက်ဆုံးထား၍ လျှောက်ထားရမည်ဟု သိရသည်။
အဆိုပါ လူမှုရေးသိပ္ပံ ဒီပလိုမာ သင်တန်းကျောင်းတွင် တက်ရောက်ခဲ့သူများအတွက် ရှေ့ဆက် ပညာသင်ကြားနိုင်ရန်အတွက် အမေရိကန်နိုင်ငံရှိ ကိုလန်ဘီယာ တက္ကသိုလ်နှင့် ချိတ်ဆက် ဆောင်ရွက်သွားမည်ဟု သိရသည်။
ရခိုင်ပြည်နယ်တွင် လူ့အခွင့် အရေးကို မြှင့်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် Peace and Development Initiative (PDI/Kintha) ကို ၂၀၁၂ ခုနှစ်တွင် ထူထောင်ခဲ့ပြီး ယခုသင်တန်းကျောင်းကို အဆိုပါ အဖွဲ့မှ ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။







