မင်းပြားမြို့နယ်မှ ရေလွှမ်းမိုးခံနေရသော ကျေးရွားများအတွက် စက်လှေနှင့် အစားအသောက်များလိုအပ်နေ

မင်းပြားမြို့နယ်မှ ရေလွှမ်းမိုးခံနေရသော ကျေးရွားများအတွက် စက်လှေနှင့် အစားအသောက်များလိုအပ်နေ
by -
စံမောင်သန်း

ရခိုင်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မင်းပြားမြို့နှင့် ကျေးရွာများ ရေလွှမ်းမိုးခံနေရပြီး မြို့ပေါ်ရပ်ကွက်တစ်ချို့နှင့် ကျေးရွာများမှ လူများ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများသို့ ရွှေ့ပြောင်းနေရပြီးသောက်ရေများလိုအပ်နေသည့်အပြင် တစ်ချို့ကျေးရွာများတွင် ရွှေ့ပြောင်းရန် စက်လှေများလည်း လိုအပ်နေသည်ဟု သိရသည်။

မင်းပြားတစ်မြို့လုံး ရေလွှမ်းမိုးခံနေရပြီး၊ ရေနိမ့်ပိုင်း ဆင်ခြေဖုံးရပ်ကွက်များမှ လူများ ရွှေ့ပြောင်း နေရသည်ဟုဆိုသည်။

“ကျနော်တို့ မင်းပြားမှာ ဆင်ခြေဖုံးရပ်ကွက်တွေဖြစ်တဲ့ မင်းဗာကြီး၊ အောင်သာယာနဲ့ သပြေညို ရပ်ကွက်တွေမှာ ရေလွှမ်းမိုးမှုပိုများပြီး အိမ်တွေငယ်တော့ အိမ်ကြီးတွေကို ရွှေ့ကြတယ်၊ တစ်ချို့က ဘုန်းတော်ကြီးကျောင်းတွေကို ရွှေ့နေကြပါတယ်”ဟု မင်းပြားမြို့ခံ ဦးသိန်းစံက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

မင်းပြားမြို့နယ်တွင် ပန်းမြောင်းကြီးချောင်းနှင့် ဖုံသာချောင်းတစ်လျှောက်ရှိ ကျေးရွာများတွင် ကျေးရွာပေါင်း ၃၀ ကျော်၌ ရေလွှမ်းမိုးမှု အခြေအနေ ဆိုးရွားနေကြောင်း သိရသည်။

“ပန်းမြောင်းကြီးချောင်း အနီးတဝိုက် ကျေးရွာတွေက လူတွေက ဘုန်းတော်ကြီးကျောင်းကို ပြောင်းရွှေ့နေရတယ်လို့ ပြောပါတယ်။ တစ်ချို့ရွာတွေမှာ လူတစ်ရပ်ကျော်လောက် မြုပ်နေပြီးတော့ ဖုံသာချောင်းတစ်လျှောက်မှာလေ့ ရေမြုပ်နေပါတယ်။ အခြေအနေ ဆိုးရွာတာကတော့ ပွဲရကန်ဆိပ်၊ အိုးပျဉ်တောင်၊ ပြင်ယောင်း၊ မင်းဖူးနဲ့ အသေကာလ ကျေးရွာတွေမှာ အိမ်တွေအားလုံး မြုပ်နေပါတယ်”ဟု ဦးသိန်းစံကပြောသည်။

ရေလွှမ်းမိုးမှုကြောင့် ရေကန်များပါ နစ်မြုပ်နေပြီး သောက်ရေများ လိုအပ်နေသည်ဟု သိရသည်။

“ရေကတော့ ကျေးရွာတွေမှာ အနည်းဆုံး ၄ ပေလောက် တက်နေပါတယ်။ နိမ့်တဲ့ ကျေးရွာတွေမှာဆိုရင် ၅ ပေလောက်ရှိပါတယ်။ လူတွေကတော့ အိမ်တစ်ဆောင်မှာ တစ်ယောက်လောက် ကျန်နေခဲ့ပြီးတော့ ကျန်တဲ့လူတွေက အိမ်ကြီးတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ တောင်ခြေရင်းတွေကို ပြောင်းရွှေ့နေရပါတယ်။ အခုလောလောဆယ် အဓိကအခက်အခဲက သောက်ရေပါပဲ”ဟု ရေနစ်မြုပ်နေသည့် ကျေးရွာများဖြစ်သည့် အသေကာလ၊ ကုလားမတောင်၊ ချင်းဆိပ်၊ တောတန်းနှင့် ဒုံကြီးကျေးရွာများသို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက ပြောသည်။

ယင်းအပြင် တစ်ချို့ကျေးရွာများ၌ လူများရွှေ့ပြောင်းရန် စက်လှေများ အခက်အခဲရှိနေသည်ဟု သိရသည်။

“ပွဲရကန်ဆိပ်ကျေးရွာကလူတွေက ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ အိမ်ကြီးတွေကို ရွှေ့ပြောင်းနေရပါတယ်။ အခု အခက်အခဲတစ်ခု ရှိနေတာကတော့ လူတွေရွှေ့ပြောင်းဖို့အတွက် စက်လှေတွေ လိုအပ်နေပါတယ်”ဟု ပွဲရကန်ဆိပ်ကျေးရွာမှ ဦးမောင်သိန်းရွှေကပြောသည်။

ပန်းမြောင်းကြီးချောင်းအနီးရှိ ကပ်ပဲကျေးရွာတွင်လည်း ရေ ၁၀ ပေခန့်နစ်မြုပ်နေသည့်အတွက် ကျေးရွာသားများ ကျေးရွာကို စွန့်ခွာ၍ တောင်ခြေရင်းသို့ ထွက်ပြေးသွားခဲ့ကြရပြီး၊ ဘုန်ကြီးကျောင်းလည်း နောက်တစ်ပေလောက် ရေတက်လျှင် ရေနစ်မြုပ်တော့မည်ဖြစ်ကြောင်း၊သိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...