ရခိုင်ပြည်နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့ရှိ ကျေးရွာအများအပြားတွင် ရေကြီးနေသည်ဟု သတင်းရရှိသည်။
မင်းပြားမြို့ပေါ်တွင် ရေ ၂ ပေမှ ၃ ပေခန့်အထိ ရေမြုပ်နေ၍ မြို့ပေါ်ရှိ ကျောင်းများကို ပိတ်ထားရသည်ဟု ဆိုသည်။
“မြို့ဆင်ခြင်ဖုံးရပ်ကွက် မြေနိမ့်ပိုင်းတွေမှာတော့ ခါးလောက်၊ ပေါင်လောက် မြုပ်နေပါတယ်။ ကျောင်းနားတစ်ဝိုက်မှာလည်း ရေနစ်မြုပ်နေတဲ့အတွက် အထက ၁ ၊ အထက ၃ ကျောင်းတွေကို ပိတ်ထားရပါတယ်။ ရေက တောင်ခြေရင်းအထိတောင် ရောက်နေပါပြီ”ဟု မင်းပြားမြို့ခံ ဦးသိန်းစံက နိရဥရာသတင်းဌာနသို့ပြောသည်။
မင်းပြားမြို့ပေါ်တွင် ကမ်းနားလမ်း၊ မြောင်ဘွေလမ်းနှင့် ရုံးတက်လမ်းမှအပ ကျန်လမ်းများနှင့် မြို့ပေါ်ရပ်ကွက်များ ရေမြုပ်နေသည်ဟုဆိုသည်။
မင်းပြားမြို့နယ်ရှိ ပန်းမြောင်းကြီးချောင်းနှင့် ဖုံသာချောင်းတစ်လျှောက်ရှိ ကျေးရွာအများအပြားတွင်လည်း ရေမြုပ်နေသည်ဟု သိရသည်။
“မင်းပြားမြို့နယ် မင်းဖူးဘက်နဲ့ ကုလားမတောင်ဘက်တို့မှာ ခါးလောက်ရှိပြီးတော့ ရွှေတမာ၊ ရွှေကျန် အနီးတစ်ဝိုက် ကျေးရွာတွေမှာတော့ ရေက ရင်လောက်တောင် မြုပ်နေပါပြီ။ ကျေးရွာတွေကတော့ ပန်းမြောင်းကြီးချောင်းနဲ့ ဖုံသာချောင်းတစ်လျှောက် အားလုံး ရေမြုပ်နေပါတယ်”ဟု ဦးသိန်းစံကပြောသည်။
မြောက်ဦးမြို့ရှိ အောင်တပ်ရပ်ကွက်နှင့် မြေနိမ့်ပိုင်း နေရာများတွင်လည်း ရေမြုပ်နေပြီဟု သိရသည်။
“အိမ်အောက်အခမ်းတွေမှာ ရေမြုပ်နေတဲ့အတွက် ပစ္စည်းတွေကို အပေါ်ထပ်ကို တင်နေရပါတယ်။ ရေစတက်လာတာက ဒီနေ့ နေ့လယ် ၁ နာရီဝန်းကျင် လောက်ကပါ။ ဒီတိုင်းဆက်ပြီး ရေတက်လာရင် အခြေအနေ ပိုဆိုးလာနိုင်ပါတယ်”ဟု မြောက်ဦးမြို့ အောင်တပ်ရပ်ကွက်မှ ကိုသန်းအောင်က ပြောသည်။
ပုဏ္ဏားကွန်းမြို့နယ် ကုလားတန်ယိုးချောင်းကြားဒေသတစ်လျှောက်ရှိ ကျေးရွာများနှင့် ကုလားတန် အရှေ့ဘက်ခြမ်း မြောက်ဦးမြို့နယ်ရှိ ရွာအများစုမှာလည်း စတင်ရေမြုပ်နေပြီဟု မာန်အောင်သားဆရာတော်မှ ဓာတ်ပုံနှင့် တစ်ကွ ဖော်ပြထားသည်။
ယင်းအပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် ကျောက်တော်မြို့နယ်ရှိ ကျေးရွာအများအပြားတွင်လည်း ရေကြီးပြီး နစ်မြုပ်မှုများ ရှိနေသည်ဟု သိရသည်။







