ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်တို့အား ၁၃ ကြိမ်မြောက် ရုံးထုတ်

ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်တို့အား ၁၃ ကြိမ်မြောက် ရုံးထုတ်
by -
စံမောင်သန်း

ပုဒ်မသုံးခုဖြင့် တရာစွဲဆို ဖမ်းဆီးခံထားရသည့် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ဇွန် ၁၃ ရက် ယနေ့(ဇွန်လ ၁၃) တွင် ၁၃ ကြိမ်မြောက် ရုံးထုတ်ခဲ့သည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်တို့ကို နိုင်ငံတော် အကြည်အညို ပျက်စေမှု၊ မတရားအသင်း ဆက်သွယ်မှု အမှု ၂ ခုကို စစ်တွေမြို့နယ်တရားရုံးတွင်လည်းကောင်း၊ နိုင်ငံတော်ပုန်ကန်မှုကို စစ်တွေခရိုင် တရားရုံးတွင် လည်းကောင်း ကြားနာ စစ်ဆေးလျက်ရှိသည်။

၎င်းအမှု ၃ ခုလုံးကို ခရိုင်တရားရုံးတစ်ခုတည်း၌ စစ်ဆေးပေးရန် ရှေ့နေများက လျှောက်ထားခဲ့သည်။

“ဒီတရားခံ နှစ်ဦးဟာ အကြောင်းခြင်းရာ တစ်ခုတည်းအပေါ်မှာ ၃ မှုခွဲပြီးတော့ စွဲဆိုခြင်း ခံနေရတယ်။ ၂ မှုက မြို့နယ်တရားကို ဖြစ်တယ်။ ကျန်တစ်မှုက စစ်တွေခရိုင် တရားရုံးကို ဖြစ်နေတယ်။ အဲ့ဒီတော့ စစ်တွေခရိုင် တရားရုံးရဲ့ စီရင်ပိုင်ခွင့်အရ ဒီတရားခံတွေ ရင်ဆိုင်နေရတဲ့ ၃ မှု စလုံးကို စစ်တွေခရိုင် တရားရုံးမှာ တစ်ပေါင်းတည်း စစ်ဆေးပေးဖို့အတွက် ကျမတို့ဘက်က လျှောက်ထားခဲ့တာ ရှိတယ်။ ဇွန် ၂၀ ရက်နေ့မှာ ဆုံးဖြတ်ပေးပါလိမ့်မယ်”ဟု စာရေးဆရာ ဝေဟင်အောင်၏ ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။

စစ်တွေတရားရုံး၌ ၁၃ ကြိမ်မြောက် ရုံးထုတ်အပြီးတွင် သတင်းထောက်များကို ဒေါက်တာ အေးမောင်က ယခုလို ပြောဆိုသည်။

“တစ်နိုင်ငံလုံးပေါ့ဗျာ နိုင်ငံသားအားလုံးဟာ ဥပဒေရဲ့အရာမှာ တပြေးညီ ဖြစ်စေချင်တယ်။ အဲ့ဒါကြောင့်မို့လို့ ပြည်ထောင်စုအတွင်းမှာရှိတဲ့ ရှမ်းမှာတစ်မျိုး၊ ရခိုင်မှာတစ်မျိုး၊ မွန်မှာတစ်မျိုး မဖြစ်ဖို့ လိုတယ်။ ကျနော်တို့ ပြည်ထောင်စုရဲ့ ဥပဒေချုပ်အနေနဲ့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း ဒေသကြီးက ဥပဒေရုံးကို ညွှန်ကြားစေချင်တယ်”ဟု အမှု ၃ ခုဖြင့် တရားစွဲဆိုခံထားရသည့် ဒေါက်တာအေးမောင်က ပြောသည်။

၁၉၇၃ ခု စကားရပ်များဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက် ပုဒ်မ ၂၂ အရ ဖြစ်ရပ်တစ်ခုအတွက် အမှုတစ်ခုတည်းသာ စွဲဆိုရမည်ဟု ပါရှိသော်လည်း ဥပဒေနှင့်မကိုက်ညီဘဲ အမှု ၃ ခုဖြင့် စွဲထားမှု အပေါ် ဥပဒေနှင့် မကိုက်ညီသည့်အတွက် တစ်နိုင်ငံလုံးတွင် ဥပဒေတစ်ပြေးညီဖြစ်စေချင်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဥပဒေနှင့်မကိုက်ညီသည့်အတွက် ရခိုင်ပြည်နယ်တရားလွှတ်တော်တွင် အမှုတွဲ ၃ ခုလုံးကို ပယ်ဖျက်ပေးရန် လျှောက်ထားခဲ့သော်လည်း ပြည်နယ်တရားလွှတ်တော်က လျှောက်လဲချက်ကို မကြာသေးမီက ပလပ်ခဲ့သည်။

“ကျနော့်မှာ လိုက်ပါတဲ့ ရှေ့နေ ဦးစံရွှေမောင်ဟာ ပြည်နယ် ဥပဒေအရာရှိ အငြိမ်းစား၊ ကိုအောင်ကျော်စိန်လည်း ဥပဒေအရာရှိ၊ ကိုခင်နုလည်း ဥပဒေအရာရှိပဲ။ အဲ့ဒီတော့ ဥပဒေအရာရှိတွေရဲ့ အမြင်မှာ စကားရပ်များ အဓိပ္ပာယ်ဖွင့်ဆိုချက် ပုဒ်မ ၂၂ က ဖြစ်စဉ်တစ်ခုကို အမှုတစ်ခုပဲစွဲရမယ်၊ ပြစ်ဒဏ်တစ်ခုပဲ ပေးရမယ်ဆိုတဲ့ သဘောနဲ့ သူတို့ချည်းကပ်တယ်။ ပြည်နယ် ဥပဒေဘက်ကကျတော့ အဲ့ဒီလိုမျိုး မဟုတ်ဘူး။ ကြိုက်သလောက် စွဲလို့ရတယ်၊ ပြစ်ဒဏ်တစ်ခုပဲ ပေးလို့ရတယ်ဆိုတာနဲ့ သွားတယ်”ဟု ဒေါက်တာအေးမောင်က ဆိုသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို အမှု ၃ ခုဖြင့် စွဲဆိုထားခြင်းသည် လူမျိုးရေးအရ နှိပ်ကွပ်မှုဖြစ်သည်ဟု စာရေးဆရာ ဝေဟင်အောင်က ပြောသည်။

“ဒါက ကျနော်တို့ ပြောပြီးသားဗျ၊ လူမျိုးရေးအရ နှိပ်ကွပ်ချင်တာနဲ့ နိုင်ငံရေးအရ ဖိနှိပ်ချင်လို့ ချတဲ့အမှုကိစ္စ၊ ညစ်ပတ်တဲ့ အမှုမှာ ဒါကတော့ အမြဲတမ်းခံနေရမှာပဲ ကျနော်တို့။ အဲ့ဒါက တရားရေးမဏ္ဍိုင်ကိုလည်း ကျနော်တို့ တော်တော်လေးကို မေးခွန်းထုတ်စရာ ဖြစ်လာတာပေါ့။ နောက်ဒီလို မဖြစ်ဖို့ပဲ ကျနော်ဆုတောင်းပါတယ်”ဟု ကိုဝေဟင်အောင်က ပြောသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်တို့ကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ဇန်နဝါရီလ ၁၅ ရက်နေ့က ပြုလုပ်သော ၂၃၃ နှစ်မြောက် ရခိုင့်အချုပ်အခြာ အာဏာကျဆုံးသည့် ဝမ်းနည်းအောက်မေ့ဖွယ်နေ့ အခမ်းအနားတွင် ဟောပြောမှုဖြင့် နိုင်ငံတော်ပုန်ကန်၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု၊ မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...