ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ရွာမတိုက်နယ် မြို့တောင်ရွာနှင့် နန်းရွာကုန်းကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်၍ နှစ်ရွာပေါင်း အိမ်ခြေ ၄၀ ကျော် ပျက်စီးသွားကြောင်း သတင်းရရှိသည်။
ရွာမရဲစခန်းမှ တပ်ကြပ်ဇော်ဇော်ထွန်းက “ မြို့တောင်နဲ့ နန်းရွာကုန်းမှာဖြစ်တာပါ။ လေဆင်နှာမောင်းတိုက်တာပေါ့ ။ မြို့တောင်မှာ အိမ် ၃၄ လုံးပျက်စီးတယ်။ ဘုန်းကြီးကျောင်းရယ်၊ ကျေးရွာဆေးပေးခန်း၊ စာသင်းကျောင်းတို့ပါ ပျက်စီးသွားပါတယ်။ စုစုပေါင်း ၃၇ လုံး” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။
အလားတူ နန်းရွာကုန်းရွာတွင်လည်း ဓမ္မာရုံနဲ့ အိမ်နှစ်လုံး၊ ရေတွင်း တစ်ခု ပျက်စီးသွားခဲ့သည်ဟု သူက ဆက်လက် ပြောဆိုသည်။
၎င်းရွာနှစ်ရွာ၏ အဆောက်အဦးပျက်စီးမှုမှာ ၄၁ လုံးရှိကြောင်း သိရသည်။
“ ဒီကနေ့ (ဇွန် ၁၁)နေ့လယ် ၂ နာရီလောက်မှာ ဖြစ်တာပါ။ လူတွေကတော့ နည်းနည်းပါး ဒဏ်ရာရတာတွေတော့ရှိပါတယ်။ အိမ်တွေကလည်း ခေါင်းမိုးလန်တာတော့၊ ပြိုပျက်တာတို့ ဖြစ်သွားတာပေါ့။ လူတွေကတော့ နီးစပ်ရာ ဆွေမျိုးတွေရဲ့ အိမ်မှာနေထိုင်နေကြပါတယ်” ဟု သူက ဆက်ပြောသည်။
တောင်ကုတ်မြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးမြသန်း ဦးဆောင်သည့် မီးသတ် တပ်ဖွဲ့ဝင် ၂၀ ခန့်နှင့် ရဲတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသူက ပြောကြားသည်။







