၆၆(ဃ)နှင့် တရားစွဲခံရသော ရမ်းဗြဲအမတ် ဦးသန်းမောင်ဦး ကျပ်သိန်း ၁၀၀ ဖြင့် အာမခံရ

၆၆(ဃ)နှင့် တရားစွဲခံရသော ရမ်းဗြဲအမတ် ဦးသန်းမောင်ဦး ကျပ်သိန်း ၁၀၀ ဖြင့် အာမခံရ
by -
စံမောင်သန်း

ယနေ့ စစ်တွေ မြို့မရဲစခန်းတွင် သွားရောက် အဖမ်းခံခဲ့သည့် ရမ်းဗြဲမြို့နယ် အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို ကျပ်သိန်း ၁၀၀ ဖြင့် အာမခံခဲ့ရသည်ဟု သိရသည်။

အိမ်ယာပိုင်ဆိုင်ကြောင်း အာမခံကို စစ်တွေမြို့တွင် နေထိုင်သူ နှစ်ဦးဖြစ်ကြသည့် စစ်တွေ အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းနှင့် ပုဏ္ဏားကျွန်းမြို့နယ် အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်တို့က တစ်ဦးလျှင် ကျပ်သိန်း ၅၀ စီဖြင့် အာမခံခဲ့ရသည်ဟု ဆိုသည်။

ယခုနှစ် ရခိုင်ပြည်နယ် တက္ကသိုလ်ဝင်တန်း အောင်ချက် ရာခိုင်နှုန်းစာရင်းကို မှားယွင်းပြီး ဖေ့စ်ဘုတ်တွင် တင်မှုကြောင့် ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံထားရသော ရမ်းဗြဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးသည် ယနေ့ နံနက် ၁၁ နာရီ မိနစ် ၂၀ ခန့်က စစ်တွေမြို့မ ရဲစခန်းတွင် သွားရောက် အဖမ်းခံပြီးနောက် သိန်း ၁၀၀ အာမခံဖြင့် လွတ်လာခြင်း ဖြစ်သည်။

အဖမ်းခံရန် သွားရောက်ရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးခန့် ၀ိုင်းရံလိုက်ပါခဲ့ပြီး ရဲစခန်းမှာ ကျပ်သိန်း ၁၀၀ ဖြင့် အာမခံဖြင့် ပြန်လည် လွတ်ပေးလိုက်သည်ဟု ဦးသန်းမောင်ဦးက ပြောဆိုသည်။

“သူတို့က အာမခံနဲ့ လွတ်ပေးပါတယ်။ ရဲတာဝန်ရှိသူတွေ မေးမြန်းတာကတော့ တိုင်းနဲ့ ပြည်နယ် ၁၄ ခုက တက္ကသိုလ်ဝင်တန်း အောင်စာရင်း အချက်အလက် အမှားနဲ့ ဆက်စပ်ပြီးတော့ မေးပါတယ်။ အချက်အလက် အမှားလုပ်ပြီးတော့ ရခိုင်ပြည်နယ် သိက္ခာကျအောင် လုပ်တယ်ဆိုပြီးတော့ စွဲတာ။ ဒီတစ်ချက်ပါပဲ”ဟု ရမ်းဗြဲ အမတ် ဦးသန်းမောင်ဦးက ပြောသည်။

ဦးသန်းမောင်ဦးအား ရခိုင်ပြည်နယ် အစိုးရ၏ ညွန်ကြားချက်ဖြင့် ပညာရေးဌာန ဒုညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက တရားစွဲဆိုခြင်းဖြစ်သည်ဟု သိရသည်။

ဦးသန်းမောင်ဦးမှ စေတနာ အမှားသာဖြစ်ကြောင်း၊ တမင်ရည်ရွယ်၍ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း၊ မှားနေသည်ကိုသိ၍ ချက်ချင်း အမှန်စာရင်းကို ပြန်တင်ခဲ့ကြောင်း ပြောကြားသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...