မကရင်မအမှုကို ကူညီပေးရန် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပြုကော်မတီဆုံးဖြတ်

မကရင်မအမှုကို ကူညီပေးရန် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပြုကော်မတီဆုံးဖြတ်
by -
စိုးသူအောင်
ဓာတ်ပုံ- Theint Ei အကောင့် Live မှ
ဓာတ်ပုံ- Theint Ei အကောင့် Live မှ

လှည်းကူးမြို့နယ်၊ အင်းတိုင်သံချပ်ကာတပ်မှ တပ်မတော်အရာရှိ တစ်ဦး၏ နေအိမ်တွင် အိမ်ဖော်လုပ်ရင်း အိမ်ရှင်ဖြစ်သူ၏ နှိပ်စက်မှုများကြောင့်သေဆုံး သွားခဲ့ရသည်ဟုယူဆရသော မရင်မအမှုကို ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပြုကော်မတီက ဆုံးဖြတ်ထားကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထိပ်ပိုင်းခေါင်းဆောင် ဦးဉာဏ်ဝင်းဦးဆောင်သည့် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပြုကော်မတီအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ အကူညီပေးမှာဖြစ်ပြီး အထူးကိစ္စရပ်တစ်ခုအနေနဲ့ ကူညီပေးရန်ဆုံးဖြတ်ထားကြောင်း အဖွဲ့ဝင်ဖြစ်သူ ဦးကျော်စိုးဗိုလ်က ပြောသည်။

“ ရုံးမတင်ခင်မှာစပြီးအကူအညီပေးဖို့ လုပ်မှာပါ။ ရုံးချိန်းကို ဆရာတို့အဖွဲ့ကလွှတ်တဲ့ ရှေ့နေရောက်လာမှာပေါ့။ သူကနေပြီး သူလုပ်သင့်လုပ်ထိုက်တာ တွေလုပ်ပြီး ပြန်ပြီးတင်ပြမှာပေါ့။ လုပ်ပေးမှာတော့ နှစ်ခုလုပ်ပေးမှာ အမှု မတင်ခင်မှာလုပ်ပေးစရာရှိတာလုပ်ပေးမယ်။ တရားရုံးရောက်ရင် အမှုလိုက်တဲ့ အစီအစဉ်ကို ဆောင်ရွက်ပေးမှာပေါ့ ” ဟု ၄င်းက ပြောသည်။

ကော်မတီအနေဖြင့် နစ်နာသူများကို နစ်နာသည့်အတိုင်း ဥပဒေအရ အခွင့်အရေးအပြည့်အဝ ရရှိရန် ကူညီဆောင်ရွက်ခြင်းဖြစ်ပြီး မည်သူ့ကိုမှ နစ်နာလိုစေခြင်းမျိုးမရှိဟုလည်း ဦးကျော်စိုးဗိုလ်က ပြောသည်။

မကရင်မ (ခေါ်) မခင်သန္တာဦးသည် တွံတေးမြို့နယ် ခတ္တိယကျေးရွာအုပ်စု အုတ်ဖိုရွာတွင်နေထိုင်ပြီး လှည်းကူးမြို့နယ် အင်းတိုင်သံချပ်ကာတပ်မှ တပ်မတော်အရာရှိ တစ်ဦး၏ နေအိမ်တွင် အိမ်ဖော်လုပ်ရင်း  ဆွဲကြိုးပျောက်သည့်ကိစ္စဖြင့် အိမ်ရှင်ဖြစ်သူ၏ နှိပ်စက်မှုကြောင့် သေဆုံးရသည်ဟု ယူဆနေကြခြင်းဖြစ်သည်။

ဗိုလ်မှူး၏ ဇနီးဖြစ်သူ ဒေါ်သိင်္ဂီစုက မကရင်မ နေမကောင်းဖြစ်နေသည်ဟုဆိုကာ မေလ ၁၉ ရက်နေ့ တွံတေးမြို့ ရှိ ၄င်း၏ နေအိမ်ကို ပြန်ပို့ခဲ့ပြီး နေအိမ်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ တွံတေးသို့အရောက်တွင် ဒေါ်သိင်္ဂီစုက ကျောက်ပျဉ်နှင့်ထုရိုက်ခဲ့သောကြောင့် ဆေးရုံပို့ပေးပါဟု အိမ်နီးနားချင်းများကို အကူအညီ တောင်းပြီးနောက် မကရင်မ သေဆုံးသွားခဲ့ခြင်းလည်းဖြစ်သည်ဟု သိရသည်။

ထို့ကြောင့် စွပ်စွဲခံထားရသည့် ဒေါ်သိင်္ဂီစုကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ လူသတ်မှုနှင့် အမှုဖွင့်ပြီး ဖမ်းဆီး ချုပ်နှောင်ထားကြောင်းသိရသည်။

မကရင်မအမှုသည် NLD မှဖွဲ့စည်းထားသည့် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပြုကော်မတီမှ ပထမဆုံး ကူညီပေးမည့်အမှုလည်းဖြစ်သည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...