ပြည်နယ်အစိုးရနှင့်လွှတ်တော်ညှိနိုင်းမရခဲ့၍ ကျပ် ၆ ဘီလီယံ နစ်နာခဲ့ရဟု ရခိုင်လွှတ်တော်ဥက္ကဋ္ဌ ထောက်ပြပြောဆို

ပြည်နယ်အစိုးရနှင့်လွှတ်တော်ညှိနိုင်းမရခဲ့၍ ကျပ် ၆ ဘီလီယံ နစ်နာခဲ့ရဟု ရခိုင်လွှတ်တော်ဥက္ကဋ္ဌ ထောက်ပြပြောဆို
by -
စံမောင်သန်း

ရခိုင်ပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော်တို့ ညှိနိုင်းမရခဲ့သဖြင့် ရခိုင်ပြည်သူများအတွက် ကျပ် ၆ ဘီလီယံ နစ်နာခဲ့ရကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက လွှတ်တော် အရေးပေါ်အစည်းအဝေးအပြီး အပိတ်မိန့်ခွန်း ပြောကြားရာတွင် ထောက်ပြ ပြောဆိုသွားခဲ့သည်။

ထိုသို့ နစ်နာ ဆုံးရှုံးမှုများ ရှိခဲ့သဖြင့် နောက်ထပ် ၎င်းကဲ့သို့ အဖြစ်မျိုး မဖြစ်ပေါ်စေရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ရခိုင်ပြည်နယ်လွှတ်တော်တို့ ညှိနှို်င်းပေါင်းစည်း လုပ်ကိုင်ဆောင်ရွက်ဖို့ လိုအပ်သည်ဟု သူက ပြောဆိုသည်။

“ကျနော်တို့ကို ပြည်သူတွေက ယုံကြည်လို့ အားကိုးလို့ ပြည်သူတွေကိုယ်စား ဆောင်ရွက်ဖို့ အတွက် ပြည်သူတွေက ရွေးချယ်ပေးလိုက်တာဖြစ်ပါတယ်။ ပြည်သူတွေက ယုံယုံကြည်ကြည်နဲ့ အားကိုးလို့ ရွေးချယ်ပေးလိုက်သလို ကျနော်တို့ ကိုယ်တိုင်ကလည်း ပြည်သူတွေ အားကိုး လောက်တဲ့ လူတွေဖြစ်ဖို့ အရေးကြီးပါတယ်။ ပြည်သူတွေကို မျက်နှာမူကြပါ။ ကျွန်တော်တို့ကြောင့် ပြည်သူတွေ မနစ်နာရပါစေနဲ့ ” ဟု ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပြောဆိုသည်။

၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်အတွက် တတိယအကြိမ် ရသုံးဆိုင်ရာ ဥပဒေမူကြမ်း မကြာခင် လွှတ်တော်ထဲကို ရောက်လာမည်ဖြစ်ကြောင်း၊ တစ်ချိန်တုန်းက ကြုံခဲ့ရသလို ၆ ဘီလီယံကျော် ဖြတ်တောက်ခံလိုက်ရသည့်အဖြစ်မျိုး မဖြစ်ရအောင် ပြည်နယ် အစိုးရနှင့် ပြည်နယ်လွှတ်တော်တို့ ညှိနှိုင်း ဆောင်ရွက်ရန်လိုကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

ပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော်တို့ ညှိနှို်င်းပေါင်းစည်းမှု မလုပ်နိုင်ခဲ့၍ ၂၀၁၈-၂၀၁၉ ပြည်နယ် ဖွံ့ဖြိုးရေး ရန်ပုံငွေထဲက ၆ ဘီလီယံကျော် ဖြတ်တောက်ခံခဲ့ရသဖြင့် ရခိုင် ပြည်သူများ အတွက် နစ်နစ် ဆုံးရှုံးမှုများကိုသာ ဖြစ်ပေါ်စေခဲ့သည်ဟု ၎င်းက ဆိုသည်။

ပြည်နယ်အစိုးရ၏ တင်ပြလာသော ရသုံးခန့်မှန်းခြေအပေါ် လွှတ်တော်ကိုယ်စားလှယ် ၈ ဦး၏ အကြံပြုတင်ပြချက်များကို ပြည်နယ် အစိုးရမှ အလေးအနက်ထား ဆောင်ရွက်ရန်လွှတ်တော် ဥက္ကဋ္ဌက တိုက်တွန်းလိုက်သည်။

“အခု ၂၀၁၈-၂၀၁၉ ဘတ်ဂျက်ထဲမှာ မီနီဘတ်ဂျက်လိုမျိုး မကြုံတွေ့ရဖို့အတွက် လွှတ်တော်ရော၊ အစိုးရအဖွဲ့ရော နှစ်ဘက်စလုံးက ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ဖို့လိုပါတယ်။ အထူးသဖြင့် အစိုးရအဖွဲ့ရော လွှတ်တော်ရော ကိုယ်စီကိုင်စွဲထားကြတဲ့ မာနတွေကို လျှော့ချဖို့ လိုပါတယ်။ အစိုးရဘက်ကလည်း ဘတ်ဂျက်ဆိုတာ ငါတို့ဆွဲရင်ရတယ်၊ လွှတ်တော်ရဲ့ အကြံပြုချက်တွေကို ငါတို့မယူဘူး။ ဥပဒေထဲမှာ လွှတ်တော်ရဲ့ အကြံပြုချက်တွေကို မလွဲမသွေ လက်ခံရမယ်လို့ မပါဘူး။ ဒါကြောင့် ငါတို့ ကြိုက်သလိုဆွဲမယ်ဆိုပြီး မာနာမျိုးကို လျှော့ချဖို့ လိုပါလိမ့်မယ်”ဟု လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း ဘတ်ဂျတ်သည် လွှတ်တော်ကို ၂ ကြိမ် ဖြတ်သန်းရသည့် အတွက် ပထမလျာထားချက်တွင် အကြံပြုရုံကလွဲပြီး မလုပ်နိုင်သော်လည်း ဥပဒေမူကြမ်းအတွက် ဒုတိယအကြိမ် ရောက်လာသည့်အခါ၌ လွှတ်တော်က လုပ်ပိုင်ခွင့်ရှိသည်ဟု ဆိုပြီး ဖြတ်တောက်မှုမျိုးကို မလုပ်ကြရန်လည်း လွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းခဲ့သည်။

“ကိုယ်စီကိုယ်စီမှာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီးတော့ ကိုင်စွဲထားတဲ့ အဲ့ဒီမာနတွေကို လျှော့ချပါ။ ကျနော်တို့ မာနကိုယ်စီ ရှိနေကြပြီဆိုရင် နောက်မှာ နစ်နာမှာက ပြည်သူတွေပဲ။ ကျနော်တို့ ၆ ဘီလီယံကျော် ဖြတ်တောက်ခံရပြီးပြီ။ ကျနော်တို့ ပြန်လည်သုံးစွဲလို့ မရတော့ဘူး။ ဘယ်သူတွေ နစ်နာခဲ့လဲ ပြည်သူတွေ၊ ပြည်သူတွေထဲမှာ ကျနော်တို့လည်းပါဝင်တယ်”ဟု ၄င်းကပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များသည် ပါတီအသီးသီး၊ နယ်ပယ်အသီးသီးက လာကြသူများ ဖြစ်သော်လည်း အမျိုးသားရေးကိစ္စအတွက် အားလုံး တစ်ညီတစ်ညွတ်တည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပြီး၊တစ်ဦးနှင့်တစ်ဦး ညှိနှိုင်းဆောင်ရွက်ခြင်းသည် မိမိတို့ ပြောနေသည့်၊ အလွန်တရာတန်ဖိုးထားသည့် ဒီမိုကရေစီ၏ အနှစ်သာရတစ်ခုဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဆိုသည်။

ယခုပြုလုပ်ခဲ့သည် ၃/၂၀၁၈ အရေးပေါ်လွှတ်တော်အစည်းအဝေးကို ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ အရသုံးဆိုင်ရာ ခန့်မှန်းခြေ ငွေစာရင်းနှင့် ပတ်သက်ပြီး ပြည်နယ် ဝန်ကြီးချုပ်က အစည်းအဝေးခေါ်ပေးရန် လွှတ်တော်ကို ညှိနှိုင်းလာသည့်အတွက် ကျင်းပရခြင်းဖြစ်သည်ဟု လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။ 

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...