ရခိုင် စီမံ-ဘဏ္ဍာဝန်ကြီး တာဝန်မှ ရပ်စဲ/မစဲ တပ်မတော်သားကိုယ်စားလှယ် မဲအပေါ် မူတည်

ရခိုင် စီမံ-ဘဏ္ဍာဝန်ကြီး တာဝန်မှ ရပ်စဲ/မစဲ တပ်မတော်သားကိုယ်စားလှယ် မဲအပေါ် မူတည်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းအား တာဝန်မှ ရပ်စဲ/ မစဲကို ရခိုင်ပြည်နယ် လွှတ်တော်၌ယနေ့ ( ဇွန် ၇ ရက်) တွင် မဲခွဲ ဆုံးဖြတ်ရန် အခြေအနေရှိနေပြီး မဲခွဲဆုံးဖြတ်မည်ဆိုပါက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ မဲမှာ အရေးကြီးသော အနေအထားတွင် ရှိနေကြောင်း သတင်းရရှိသည်။

“ ဝန်ကြီ ဦးကျော်အေးသိန်းကို တာဝန်မှ ရပ်စဲမလား/ မရပ်စဲဘူးလားဆိုတာကို ဒီကနေ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ကောင်း ဆုံးဖြတ်နိုင်ပါတယ်။ မဲခွဲဆုံးဖြတ်ရင် တပ်မတော်ကိုယ်စားလှယ် မဲတွေက အရေးကြီးတဲ့ အနေအထားမှာ ရှိနေပါတယ်” ဟု အမည်မဖော်လိုသူ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းအား တာဝန်ရပ်စဲသင့် မသင့်ကို မဲခွဲရန် ဇွန် ၇ ရက် ယနေ့တွင် အစီအစဉ်ရှိသော်လည်း ရက်ရွှေ့ပြောင်းရန် အခြေအနေရှိနေသည်ဟု သိရှိရသည်။

ရခိုင်ပြည်နယ် လွှတ်တော်တွင် မဲပေးနိုင်သူ လွှတ်တော်ကိုယ်စားလှယ် ၄၆ ဦးရှိရာ ထိုအထဲတွင် တပ်မတော်သားကိုယ်စားလှယ်မဲ (၁၁) မဲရှိကြောင်းသူ က ပြောကြားသည်။

“ ရခိုင်လွှတ်တော်မှာ စုစုပေါင်း ၄၆ မဲဆိုတော့ သုံးပုံနှစ်ပုံရမှ ဝန်ကြီးကို တာဝန်မှ ရပ်စဲရေးဘက်က အနိုင်ရမှာ။ ဒီအနေအထားနဲ့ဆိုရင် ANP တစ်ခုတည်းနဲ့ဆို အနိုင်မရနိုင်ဘူး။ ဝန်ကြီးချုပ် အပါအဝင် အစိုးရ အဖွဲ့ဝင်တွေမဲ၊ NLD ကိုယ်စားလှယ်တွေ အများစု မဲတွေက ဦးကျော်အေးသိန်းဆီကို ရောက်သွားနိုင်တယ်။ ဒါကြောင့် စစ်တပ် ကိုယ်စားလှယ်တွေရဲ့ မဲတွေက အဆုံးအဖြတ်ဘဲ” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်လွှတ်တော်မှ ဖွဲ့စည်းပေးထားသည့် စုံစမ်း စစ်ဆေးရေးအဖွဲ့၏ စစ်ဆေး တွေ့ရှိချက်ကို ရခိုင်ပြည်နယ်လွှတ်တော်တွင် ဇွန် ၇ ရက် ယနေ့တွင် တင်သွင်းရန် ရှိနေသော်လည်း မဲခွဲဆုံးဖြတ်မှု လုပ် / မလုပ်မှာ မသေချာသေးဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းအား စီမံကိန်းများကို အကောင်အထည်ဖော်ဆောက်ရွက်ရာတွင် ဥပဒေအရ အပ်နှင်း ထားသော တာဝန်များကို ကျေပွန်အောင် မထမ်းဆောင်နိုင်သည့် အတွက် တာဝန်မှ ရပ်စဲပေးရန် လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက ရခိုင်ပြည်နယ် လွှတ်တော်တွင် တောင်းဆိုထားသည်။

၎င်းနောက်ပိုင်းတွင် လွှတ်တော်မှ စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး ဝန်ကြီးဦးကျော်အေးသိန်းအား စစ်ဆေးခဲ့သည်။

၎င်းစစ်ဆေးတွေ့ရှိချက်အား ရခိုင်ပြည်နယ် လွှတ်တော်တွင် တင်သွင်းပြီးနောက် ဦးကျော်အေးသိန်းကို တာဝန် ရပ်စဲ / မရပ်စဲကို မဲခွဲဆုံးဖြတ်ကြမည် ဖြစ်ကြောင်းသိရှိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...