ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် သင်းပေါင်းခြံကျေးရွာနှင့် သစ်ပြင်ကျေးရွာ ကြားရှိ တံတားနှင့် ၎င်းတံတား ကမ်းပါးပြိုကျသွားသဖြင့် ကျေးရွာသားများမှ ကိုယ်ထူကိုယ်ထ ပြန်လည် ပြုပြင် တည်ဆောက်နေကြောင်း သတင်းရရှိသည်။
"မိုးတစ်အား ရွာထားလို့ ချောင်းရေကျလာတာကြောင့် တံတားကမ်းပါးကပြိုကျလာတယ်။ ကမ်းပါးပြိုတော့ တံတားကိုယ်ထည်လည်း ပျက်သွားတယ်။ ဒီတံတားမရှိရင် ကျွန်တော်တို့ ရွာသားတွေ ဘာတစ်ခုကိုမှ သွားလာလုပ်လို့ မရ ဖြစ်သွားမှာမို့ ဆရာတော် ဦးပုည က ဦးဆောင်ပြီး ကိုယ်ထူကိုထစနစ်နဲ့ ဒီတံတားကို ပြုပြင်နေကြတာပါ” ဟု ဒေသခံ ဦးသိန်းမြင့်မှ နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
၎င်းတံတားသည် အလျှားပေ ၁၀၆ ပေ၊ အနံ ၁ဝပေရှိပြီး များမကြာမီက တိုက်ခတ်ခဲ့သည့် မုန်တိုင်းအတွင်း မိုးများရွာသွန်းပြီး ချောင်းရေစီးရာမှ တံတားနှင့် တံတား ကမ်းပါး ပြိုကျသွားခဲ့သည်ဟု သိရသည်။
“ ဒီတံတားကို အမှီပြုပြီး စီးပွားရေး၊ ပညာရေး၊ ကျန်မာရေးကို ဒီဒေသက လူတွေ အသုံး ပြုနေကြတာပါ။ နေ့စဉ် ဒီတံတားကို ဖြတ်ပြီး သွားလာနေတဲ့သူ ၁၀၀ ကျော်ရှိပါတယ်။ ကျောင်းသား ၂၅ ဦးခန့်လည်း သင်းပေါင်းခြံကျေးရွာနဲ့ သစ်ပြင်ကျေးရွာ အကြား ကျောင်းတက် နေကြတာ ဖြစ်ပါတယ်” ဟု ဦးသိန်းမြင့်က ဆက်လက် ပြောကြားသည်။
တံတားမရှိလျှင် ကျောင်းသားများသာက ဒေသခံ ပြည်သူများပါ သွားလာရေး ခက်ခဲနိုင်သဖြင့် ဆရာတော် ဦးပုည ဦးဆောင်ပြီး လာမည့် မိုးမကျမီ အပြီး ပြန်လည် ပြုပြင်နေခြင်း ဖြစ်ကြောင်း သိရသည်။
သင်းပေါင်းခြံကျေးရွာသည် သွားလာရ ခက်ခဲသော ရွာတစ်ရွာဖြစ်ပြီး ချောင်းတံတားကို ကျော်ဖြတ်ပြီးမှ အနီးအနားကျေးရွာများသို့ သွားလာ၍ ရသည်ဟု သိရသည်။
သင်ပေါင်းခြံကျေးရွာတွင် ဆရာတော်ဦးပုညမှ ဦးဆောင်ပြီး တံတား ၅စင်းနှင့် ကျေးရွာ အဝင်လမ်းများအား ပြုလုပ်ထားကြောင်း သိရသည်။







