၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာရေးနှစ်အတွက် ရခိုင်ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရထံ မလိုအပ်ဘဲ ဘဏ္ဍာငွေများ တောင်းခံထားသည်ကိုတွေ့ရကြောင်း ရခိုင်ပြည်နယ် သံတွဲမဲဆန္ဒနယ် အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွယ်အေးက ပြောသည်။
၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ အရ/အသုံးဆိုင်ရာ ခန့်မှန်းခြေငွေစာရင်း (လျာထားချက်)၌ ရခိုင်ပြည်နယ်အတွင်းဆောင်ရွက်ရန် ဘဏ္ဍာငွေတောင်းခံထားရာတွင် ယခင်က ဆောင်ရွက်ထားပြီးသော လုပ်ငန်းများနှင့် မလိုအပ်သည့်လုပ်ငန်းများအတွက် ဘဏ္ဍာငွေများ တင်ပြ တောင်းခံထားသည်ကို တွေ့ရကြောင်း ဇွန်လ ၄ ရက်နေ့ကပြုလုပ်သည့် ပြည်နယ် လွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ဦးနိုင်ကြွယ်အေးက ပြောသည်။
"လုပ်ငန်းထဲမှာ ဆောင်ရွက်ပြီးသားလုပ်ငန်းတွေပါတယ်။ မလိုအပ်တဲ့လုပ်ငန်းတွေပါတယ်။ မလိုအပ်ဘဲနဲ့ ဒါတွေဆောင်ရွက်လာရင်တော့ ကျနော်တို့ဘက်ကလည်း ကျနော်တို့ နောက်ဆုံး အနေနဲ့ ကျနော်တို့ ဥပဒေအတိုင်း ကျနော်တို့က လုပ်ရတော့မှာပါ။ ကျနော်တို့အတွက် အကျိုး ရှိစေချင်တယ်ဆိုရင် ဒီလုပ်ငန်းတွေကို ကျနော်တို့ စနစ်တကျ ပြန်လည်စိစစ်ပြီးတော့၊ ကျနော်တို့နဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်စေချင်ပါတယ်။ ကျနော်တို့အနေနဲ့လည်း ညှိနှိုင်း ဆောင်ရွက်လိမ့်မယ် လို့လည်း မျှော်လင့်ပါတယ်။"ဟု သူက ပြောသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ မေလ ၂၉ ရက်နေ့က ပြည်နယ်လွှတ်တော်သို့ တင်သွင်းထားသည့် ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ အရ/အသုံးဆိုင်ရာ ခန့်မှန်းခြေငွေစာရင်း (လျာထားချက်)တွင် လမ်းတံတားများ၊ ဆည်မြောင်းတာတမံများ၊ ရေပိုက်လိုင်းသွယ်တန်းခြင်းနှင့် အခြားလုပ်ငန်းအချို့အတွက် တင်ပြတောင်းခံထားခြင်းဖြစ်သည်။
မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်းများကိုသာဆောင်ရွက်ရန်အတွက် ယခုကဲ့သို့ တောင်းခံ ထားခြင်းဖြစ်သည်ဟုလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာ/အခွန်/စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးကျော်အေးသိန်းက မေလ ၂၉ ရက်နေ့တွင် ပြည်နယ်လွှတ်တော်၌ ပြောဆိုခဲ့သည်။
သို့သော် ကွင်းဆင်းစိစစ်ကြည့်မှုအရ မလိုအပ်ဘဲ ဘဏ္ဍာငွေတင်ပြတောင်းခံမှုများ တွေ့နေရသည့် အတွက် ရခိုင်ပြည်နယ်လွှတ်တော်က ပြည်သူ့အကျိုးကိုငဲ့ကွက်၍ ခေတ်သစ် အင်္ဂုလိမာလ လုပ်သင့် လျှင်လည်း လုပ်ရမည်ဟု ဦးနိုင်ကြွယ်အေးက ပြောဆိုခဲ့သည်။
"ဒီအင်္ဂုလိမာလ ဖြတ်ရခြင်းဟာ ဆရာသမားရဲ့ကျေးဇူးကိုသိလို့ ဖြတ်တာဖြစ်ပါတယ်။ ကျနော် တို့လည်း အခု ရခိုင်ပြည်နယ် ပြည်သူ၊ ပြည်သားတွေရဲ့ကျေးဇူးကိုသိပြီးတော့ သူတို့ကို သစ္စာမဲ့ရာမကျအောင်လို့၊ သူတို့အကျိုးကိုကြည့်ပြီး ဖြတ်ရခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ကတော့ ခေတ်သစ်အင်္ဂုလိမာလလုပ်ရင်လည်း လုပ်ရပါမယ်။ မလိုအပ်တာတွေကို ဖြတ်ဖို့အတွက်"ဟု ဦးနိုင်ကြွယ်အေးက ဆိုသည်။
၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ အရ/အသုံးဆိုင်ရာ ခန့်မှန်းခြေငွေစာရင်း (လျာထားချက်)ကို ဇွန်လ ၄ ရက်နေ့က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၈)ဦးက ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များကို ပြည်နယ်လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။







