အပစ်ရပ်သည်အထိမစောင့်ဘဲမိုင်းရှင်းကြရန်လူ့အခွင့်အရေးအဖွဲ့များတိုက်တွန်း

အပစ်ရပ်သည်အထိမစောင့်ဘဲမိုင်းရှင်းကြရန်လူ့အခွင့်အရေးအဖွဲ့များတိုက်တွန်း
by -
နန့်သွာဖောင်/ကေအိုင်စီ
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးချိန်ထိ မစောင့်ဘဲပြည်သူများအကျိုးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများ စတင်သင့်ကြောင်း မြန်မာနိုင်ငံမြေမြှုပ်မိုင်းတားဆီးရေးအဖွဲ့က လက်နက်ကိုင်အဖွဲ့အားလုံးကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တိုက်တွန်းလိုက်သည်။

တပ်မတော်က မိုင်းရှင်းလင်းရေးလုပ်ငန်းအစပြုမည်ဟု မကြာသေးခင်က တရားဝင်ပြောကြားမှုရှိသော်လည်း အားရဖွယ်မရှိသေးကြောင်း ထိုအဖွဲ့မှဥက္ကဋ္ဌဦးသန့်စင်က ပြောသည်။

“အခုလောလောဆယ်တော့ မိုင်းက ဘယ်သူမှရှင်းခွင့်မရသေးဘူး။ တပ်ကလည်း လူထုအတွက်ရှင်းတာမဟုတ်သေးဘူး၊ သူ့တပ်အတွက်သူ့အစီအစဉ်နဲ့ရှင်းတာ။ စီမံကိန်းတွေလုပ်ပြီးရှင်းတာတော့မရှိသေးပါဘူး”ဟု ဦးသန့်စင်ကဆိုသည်။

သို့သော်လည်း မြေမြှုပ်မိုင်းအခြေအနေနှင့်ပတ်သက်၍ အကောင်းမြင်ပြီး မိုင်းရှင်းလင်းရေးအဆင့်အထိ ရောက်လာမည်ဖြစ်ကြောင်း၊တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များလည်းပူးပေါင်းကြမည်ဖြစ်ကြောင်းဦးသန့်စင်ကဆက်ပြောသည်။

ထို့အပြင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် မိမိတို့၏လုံခြုံရေး၊ စစ်ရေးအတွက်သာဦးစားပေးပြီး မြေမြှုပ်မိုင်းမျိုးစုံကိုအသုံးပြုနေကြခြင်းမှာ အရပ်သားပြည်သူများအတွက် လွန်စွာအန္တရာယ်ကြီးကြောင်းလည်း ဦးသန့်စင်ကဆိုသည်။

ယခုကိစ္စအပေါ် ကရင်လူအခွင့်အရေးအဖွဲ့ (KHRG)မှ ပြောရေးဆိုခွင့်ရှိသူ စောဝေလေးက မိုင်းကွင်းအဟောင်းများရှင်းလင်းခြင်းမရှိနိုင်သေးသည့် ဖာပွန်မြို့နယ်တွင် မိုင်းကွင်းအသစ်များရှိနေပြီး အရပ်သားအများဆုံး ထိခိုက်မိသည့်နေရာတစ်ခုဖြစ်လာကြောင်း ပြောသည်။

မိုင်းရှင်းလင်းရေးလုပ်ငန်းများ စတင်လုပ်ဆောင်မည်ဆိုပါက ဒေသခံလူထုနှင့် တိုင်ပင်ဆွေးနွေး၊ အကြံပြုချက်ရယူ လုပ်ဆောင်ပါက ပိုမိုထိရောက် မည်ဖြစ်ကာ မြေမြုပ်မိုင်းထိခိုက်မိသူသည် ခြေပြတ်ခြင်း၊လက်ပြတ်ခြင်းကဲ့သို့သော ဒဏ်ရာအကြီးအကျယ်ရသွားခြင်းမျိုးနှင့် ရင်ဆိုင်ရသောကြောင့် စိတ်ဓာတ်ကျ၍ မိမိကိုယ်ကိုယ်သတ်သေခြင်းဖြင့်ဘဝကို အဆုံးသတ်သွားသူ အများအပြားရှိနေသည်ဟု စောဝေလေးကသုံးသပ်ပြောဆိုသည်။

ကရင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တို့က မိုင်းတည်ရှိသည့်နေရာတွင် သတိပေးအမှတ်အသားပြုလုပ်မှုရှိကြောင်း၊ တချို့နေရာများတွင် ထိခိုက်ဒဏ်ရာရပြီးမှ အမှတ်အသားလာရောက်ပြုလုပ်မှုရှိကြောင်းသူက ဆက်ပြောသည်။

တပ်မတော်၏အသံ

လွတ်လပ်ရေးရသည့် ၁၉၄၈ခုနှစ်ဝန်းကျင်မှစတင်ပြီး ပြည်တွင်းတိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားကာ မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့သည့်အစိုးရများမှာ တပ်မတော်ကျောထောက်နောက်ခံပြု အစိုးရများဖြစ်ပြီး နိုင်ငံတကာ မြေမြှုပ်မိုင်းတားဆီးရေးသဘောတူညီချက်စာချုပ်တွင် ပါဝင်လက်မှတ်ထိုးခြင်းမရှိခဲ့ပေ။

စက်တင်ဘာ၁၂ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်မြင့်နွယ်က ကရင်ပြည်နယ်အတွင်း သူမွဲထမြစ်ဆုံ၊ဖာပွန်-ခေါပုတ်-နတ်တောင်-ဒါးကွင်းဒေသများတွင် လူသားချင်းစာနာမှု မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဒေသခံလူထုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

တပ်မတော်က ကရင်ပြည်နယ်ကို မိုင်းရှင်းလင်းရေး စတင်လုပ်ကိုင်သည့်နေရာအဖြစ် သတ်မှတ်လိုသည်ဟု စက်တင်ဘာလလယ်ပိုင်းက ရန်ကုန်တွင်ပြုလုပ်သည့် ငြိမ်းချမ်းရေးဆိုင်ရာအစည်းအဝေးတစ်ခုတွင် ကမ်းလှမ်းကြောင်း စက်တင်ဘာ၁၆ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားသည်။

ထိုကမ်းလှမ်းချက်ကို အခြားလက်နက်ကိုင်အဖွဲ့များကလည်း သဘောတူသည်ဟု တပ်မတော်အရာရှိကြီးတစ်ဦးက ဆိုသည်။

“ရှေ့ပြေးလုပ်ဆောင်မယ့် ဧရိယာတစ်ခု သတ်မှတ်အတည်ပြုပြီးပြီဆိုရင်တော့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေပူးပေါင်းပြီး ရှင်းလင်းသွားမှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်ကပြောဆိုကြောင်း သတင်းတွင်ဖော်ပြထားသည်။

ကရင်ပြည်နယ်အတွင်း စက်တင်ဘာ၁၁ရက်နေ့မှစတင်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမိုင်းမျိုးစုံ၆ဝ၉လုံးကို အချိန်မီရှင်းလင်းဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ၎င်းတိို့ထဲမှ ထက်ဝက်ခန့်မှာ အသက်သွင်းရန်အသင့်ဖြစ်နေသည့် မိုင်းများဖြစ်ကြောင်း တပ်မတော်ကထုတ်ဝေသည့် မြဝတီသတင်းစာတွင် စက်တင်ဘာ၂၃ရက်နေ့က ရေးသားထားသည်။

ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရအရာရှိကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဆက်သွယ်မေးမြန်းရာတွင် မြေမြှုပ်မိုင်းရှင်းလင်းရေးနှင့်ပတ်သက်ပြီး အသေးစိတ်ပြောဆိုရန် အခြေအနေမပေးသေးကြောင်းပြောသည်။

“ဒီလို မိုင်းကိစ္စမျိုးဆိုရင် ကျနော်တို့ကကာကွယ်ရေးဝန်ကြီးရုံးအနေနဲ့ စာရွက်စာတမ်းကိစ္စမျိုးကိုသာ ဖြေကြားခွင့်ရှိတာဖြစ်ပြီး တပ်မတော်ဘက်က တာဝန်ရှိသူများကိုမေးမြန်းမှ အဆင်ပြေနိုင်မှာပါ”ဟု ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးတစ်ဦးဖြစ်သော ဦးသက်ခိုင်ဦးကပြောသည်။

အရပ်သားများဒဏ်ရာရသေဆုံးခြင်း

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်မှ အမည်အဖော်လိုသူ ဒေသခံတစ်ဦးက ၎င်းတို့၏ဒေသတွင် မိုင်းရှင်းလင်းရေးလုပ်ငန်း လုပ်ဆောင်စေလိုသည်ဟုပြောသည်။

“မိုင်းရှိတဲ့ နေရာတွေကို ပြည်သူတွေသိအောင် အမှတ်အသားလုပ်တာလောက်ပဲတွေ့တယ်။ဒီထက် ရှင်းလင်းနိုင်မယ်ဆိုရင်တော့ တကယ်ကောင်းပါတယ်။ လုံခြံုမှုလည်းရှိသွားမယ်။ စီးပွားရေးလုပ်ငန်းတွေလည်းပိုပြီးတော့ကောင်းသွားမယ်”ဟု သူကဆက်ပြောသည်။

မကြာသေးခင်ရက်ပိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့သောမြိုင်ကြီးငူ-မဲသဝေါနယ်မြေတွင် မိုင်းထောင်ထားသည့် နယ်မြေအများအပြားရှိနေပြီး စစ်ရှောင်ဒေသခံများက နေရပ်သို့ပြန်လည်အခြေချနေထိုင်နိုင်ခြင်း မရှိသေးပေ။

ကရင်ပြည်နယ်၏ နယ်မြေ၃၈ရာခိုင်နှုန်းသည် မြေမြှုပ်မိုင်းဧရိယာဖြစ်နေကြောင်း၊ ယခုအချိန်တွင် မိုင်းနယ်မြေ၂ဝရာခိုင်နှုန်းအထိ လျော့ကျသွားသည်ဟု ခန့်မှန်းသိရှိရကြောင်း၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ပူးပေါင်းကာ နိုင်ငံတကာစံနှုန်းအတိုင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများ လုပ်ကိုင်စေလိုကြောင်း ဦးသန့်စင်က မှတ်ချက်ပြုသည်။

မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းမရှိပါက ဖွံ့ဖြိုးတက်နိုင်မည်မဟုတ်ဘဲ ဒေသခံတို့လည်း မိုင်းကိုကြောက်ရွံံ့ခြင်းကြောင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်ခြင်းမရှိကြောင်း၊ မိုင်းနင်းမိခြင်းကြောင့် တစ်နှစ်တွင် လူဦးရေသုံးရာမှ လေးရာအထိ သေဆုံးလျက်ရှိသည်။ ထို့အတွက် အရပ်သားများ မိုင်းအန္တရာယ်ကျရောက်လာပါက သက်ဆိုင်ရာမိသားစုတွင် ဝန်ထုပ်ဝန်ပိုးများစွာရင်ဆိုင်ရပြီး ဝင်ငွေလျော့ကျကာ စီးပွားရေးမပြေလည်မှုများကြံုတွေ့လာရကြောင်း ဦးသန့်စင်ကဆိုသည်။

(နန့်သွာဖောင်သည်KIC သတင်းဌာနမှဖြစ်ပြီးရန်ကုန်မြို့Myanmar Now သတင်းအေဂျင်စီရုံးတွင်အလုပ်သင် သတင်းထောက် အဖြစ်ခေတ္တလုပ်ကိုင် လျက်ရှိသည်။)

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...