ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အပိုင် မအီမြို့တွင် သုံးလောင်းပြိုင် လူသတ်မှု တစ်ခု ယနေ့ ဖြစ်ပွားခဲ့သည်။
သုံးလောင်းပြိုင် လူသတ်မှု အတွင်းသေဆုံးသွားသူများမှာ မအီမြို့ အမှတ်(၂) ရက်ကွက်၊ ကမ်းလမ်းနားနေ ဦးရွှေအေးမောင်(၅၁) နှစ်၊ ဇနီးဖြစ်သူ ဒေါ်မခင်သန်း (၄၇)နှင့် ၎င်းတို့၏ သမီးဖြစ်သူ မဝင်းဝင်းမော်( ၂၀) နှစ်တို့ ဖြစ်ကြသည်။
ဖြစ်ပျက်ပုံမှာ လူသတ်တရားခံ ခင်မောင်လင်း(ခ) ဖိုးမြိုင်နှင့် မဝင်းဝင်းမော်တို့မှာ လင်မယားဖြစ်ကြပြီး ကွဲကွာနေသည်မှာ တစ်လခန့်ရှိပြီ ဖြစ်ကြောင်း၊ ယနေ့ညဉ့် နံနက် အစောကြီး ၂ နာရီခန့်တွင် ခင်မောင်လင်း(ခ) ဖိုးမြိုင်မှ မဝင်းဝင်မော်တို့ အိမ်သို့ ရောက်လာပြီး မယားဖြစ်သူကို ဆွဲခေါ်ကြောင်း၊ မိဖများဖြစ်ကြသည့် ဦးရွှေအေးမောင်နှင့် ဒေါ်မခင်သန်းတို့မှ ယခုလို လုပ်ရန်မသင့်ကြောင်း ဝင်ရောက်ဟန့်တားရာတွင် လူသတ်တရားခံ ခင်မောင်လင်းမှ အသင့်ယူဆောင်လာသည့် (၂၂) လက်မ အရှည်ရှိသည့် ဓားဖြင့် ခုတ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း မအီရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ကနဦး စုံစမ်းစစ်ဆေးရသလောက်ကို နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။
၎င်းနောက် ခင်မောင်လင်းမှ ဇနီးဖြစ်သူ မဝင်းဝင်းမော်အား အိမ်ထဲမှ ဆွဲခေါ်သွားပြီး စက်လှေ တစ်စီးပေါ်တင်ကာ ခေါ်ယူသွားခဲ့ကြောင်း၊ မဝင်းဝင်းမော်အားလည်း ခင်မောင်လင်းမှ ချောင်းထဲတွင် သတ်ပြီး ပစ်ချထားခဲ့ကြောင်း ရဲတာဝန်ရှိသူက ပြောကြားသည်။
“ ကျွန်တော်တို့ မဝင်းဝင်းမော် အလောင်းကို ရတာက နံနက် ၈ နာရီခန့်မှာ ရပါတယ်။ မဝင်းဝင်းမော် အဖေနဲ့ အမေကို သတ်သွားတာကတော့ နံနက် အစောကြီး ၃ နာရီ ၂၀ မိနစ်လောက်မှာလို့ ခန့်မှန်းထားပါတယ်” ဟု ၎င်းရဲတာဝန်ရှိသူက ပြောကြားသည်။
လူသတ်မှုကျူးလွန်ခဲ့သူ ခင်မောင်လင်းမှာ မအီမြို့ အမှတ် (၁) ရပ်ကွက်မှ ဖြစ်ပြီး သူလူသတ်မှု ကျူးလွန်ခဲ့သည့် ၂၂ လက်မအရှည်ရှိသည့် ဓားကို သိမ်းဆည်းရမိထားကြောင်း၊ လူသတ်ခံကို ဖမ်းဆီးရမိနိုင်ရေး အတွက် အပူတပြင်း လိုက်လံရှာဖွေနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
လူသတ်မှုနှင့် ပတ်သက်ပြီး မဝင်းဝင်းမော်အစ်မဖြစ်သူ မချိုမာအေးက တရားလို လုပ်ပြီး တရားစွဲဆိုထားကာ မအီရဲစခန်းမှ အမှုအမှတ် (ပ-၁၃) လူသတ်မှုရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။







