ရခိုင့်ရနံ့ စာအုပ်မိတ်ဆက်ပွဲ စစ်တွေတွင်ပြုလုပ်

ရခိုင့်ရနံ့ စာအုပ်မိတ်ဆက်ပွဲ စစ်တွေတွင်ပြုလုပ်
by -
စံမောင်သန်း

ရခိုင်စာရေးဆရာများ ရေးသားထားသည့် ကဗျာ၊ ဆောင်းပါး၊ အက်ဆေးနှင့် အင်တာဗျူးများကို စုစည်းထုတ်ဝေထားသည့် ရခိုင့်ရနံ့စာအုပ် မိတ်ဆက်ပွဲကို သားလှ (ရသေ့တောင်) က ဦးဆောင်၍ ရခိုင်ပြည်နယ် စစ်တွေမြို့ အာရီယာန်စားသောက်ဆိုင်၌ ယမန်နေ့ ဇွန်လ ၃ ရက်နေ့ နေ့လယ်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ စာအုပ်တွင် ရက္ခိုင့်တပ်မတော်စစ်ဦးစီးချုပ်နှင့် ဧရာဝတီသတင်းဌာန အင်တာဗျူး၊ ဆရာဦးလှစောနှင့် ဗွီအိုအေ အင်တာဗျူးနှင့် ရက္ခိုင့်တပ်မတော် ဒုတိယဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၏ သရက်သီးအက်ဆေးအပါအဝင် ကဗျာ၊ ဆောင်းပါး၊ အက်ဆေးနှင့် အင်တာဗျူး စုစုပေါင်း ၃၁ ခု ပါဝင်သည်ဟု သိရသည်။

“မတ်လ နွေရာသီ သင်တန်းတက်ရင်း စာပေမိတ်ဆွေတွေနဲ့ ဆွေးနွေးရင်း အကြံရပြီး ထုတ်ဖြစ်တာပါ။ စာအုပ်ထုတ်ဝေနိုင်ဖို့ ငွေကြေးကုန်ကျစရိတ်ကို ထိုင်းနဲ့ မလေးရှားမှာ ရောက်နေကြတဲ့ သူငယ်ချင်းတွေက ပံ့ပိုးကူညီခဲ့ကြပါတယ်။ ဒီစာအုပ်မျက်နှာဖုံးနဲ့ ပတ်သက်လို့ စာပုံနှိပ်တိုက်က လက်မခံရဲတဲ့အတွက် အနည်းငယ် ပြောင်းလဲလိုက်ရတာတွေ ရှိခဲ့ပါတယ်”ဟု စာအုပ်မိတ်ဆက်ပွဲတွင် အခြားဦးဆောင်သူတစ်ဦး ဖြစ်သူ ပန်းသီကြိုး (ရသေ့တောင်) က ပြောသည်။

အဆိုပါ စာအုပ်သည် ရခိုင့်ရနံ့အမည်နှင့်အညီ ရခိုင်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ရနံ့သင်းစွာ ရေးသား ဖော်ပြထားသည်ကို တွေ့ရှိရသည်။

စာပေမိတ်ဆက်ပွဲသို့ ၀ါရင့်စာရေးဆရာများဖြစ်သည့် ကျွန်းသားငမန်း၊ ဗဂျီးကျော်၊ ပံသူ့ခင်၊ ကျော်စိုးလူနှင့် မျိုးဆက်သစ်စာရေးဆရာများနှင့် အခြား စိတ်ပါဝင်စားသူများ ၃၀ ခန့်တက်ရောက်ခဲ့ကြသည်။

“ရခိုင်အသံနဲ့ပါ ရေးသားထားတဲ့အတွက် ဝမ်းသာအားရဖြစ်မိပါတယ်။ ရခိုင်အသံနဲ့ ရေးတဲ့အခါမှာ မြောက်ဦးဘက်က လေသံသက်သက်မဟုတ်ဘဲနဲ့၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ စတဲ့ ဒေသ အသီးသီးက ဒေသိယအသံတွေကိုပါ ဖော်ပြပေးဖို့ တိုက်တွန်းလိုပါတယ်”ဟု ၀ါရင့်စာရေးဆရာ ကျွန်းသားငမန်းက ပြောသည်။

ယခုစာအုပ်သည် ပုံစံသံတစ်ခုဖြင့် ထွက်ပေါ်လာသည့် စာအုပ်တစ်အုပ်ဖြစ်သည့်အတွက် ပရိသတ်ကို ဆွဲဆောင်နိုင်လိမ့်မည်ဟု ဆရာမပံသုခင်ကပြောသည်။

“ဒီစာအုပ်ဟာ ပိတ်နေတဲ့လမ်းကြောင်းကို ရှောင်တိမ်းပြီးတော့ ထွက်ပေါ်လာတဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့အတွက် ထုတ်ဝေတဲ့သူတွေကို ချီးကျူးမိပါတယ်။ အခုလို ဖုန်းခေတ်မှာ ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ ပုံစံသစ်တွေနဲ့ ကျမတို့ စာရေးဆရာတွေက ရေးသားထုတ်ဝေနိုင်ဖို့ လိုပါတယ်။ အဲ့ဒါမှ ပရိသတ်က သဘောကျပြီး ဝယ်ယူဖတ်ရှုာကြမှာပါ။ ရခိုင့်ရနံ့ ဆိုတာနဲ့ အညီ ရနံ့တွေ သင်းပျံ့နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”ဟု ဆရာမ ပံသုခင်က ပြောသည်။

ယခုအကြိမ် ထုတ်ဝေလိုက်သည့် ရခိုင့်ရနံ့ စာအုပ်ကို တစ်အုပ်လျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ဖြန့်ချိသွားမည်ဖြစ်ပြီး၊ တစ်နှစ်လျှင် ၂ ကြိမ် (သို့မဟုတ်) ၃ ကြိမ်အထိ ထုတ်ဝေနိုင်အောင် ကြိုးစားသွားမည်ဖြစ်ပြီး၊ ဒုတိယအကြိမ် ထုတ်ဝေရန်အတွက် ငွေကြေးအထောက်အပံ့ ရရှိထားပြီဖြစ်ကြောင်းသိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...