ရခိုင်စီမံဘဏ္ဍာဝန်ကြီးကို စုံစမ်းစစ်ဆေးချက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ တင်သွင်း

ရခိုင်စီမံဘဏ္ဍာဝန်ကြီးကို စုံစမ်းစစ်ဆေးချက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ တင်သွင်း
by -
ဇေယျာမော်
ရခိုင်​ပြည်​နယ်​ အစိုးရအဖွဲ့ စီးပွား​ရေးဝန်​ကြီး ဦး​ကျော်​​အေးသိန်​း (ဓာတ်​ပုံ RiA)
ရခိုင်​ပြည်​နယ်​ အစိုးရအဖွဲ့ စီးပွား​ရေးဝန်​ကြီး ဦး​ကျော်​​အေးသိန်​း (ဓာတ်​ပုံ RiA)

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေး ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းအား တာဝန်မှ ရပ်စဲပေးရန် တိုင်ကြားချက်များနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့သည့်အစီရင်ခံစာကို ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌထံ မေလ ၃၀ ရက်နေ့က တင်သွင်းလိုက်ကြောင်း သိရသည်။

“စွဲချက်များနှင့် ပတ်သက်ပြီး ပထမမြေပြင်ကွင်းဆင်းမှု လုပ်ခဲ့ပါတယ် ၊ မြေပြင်ကွင်းဆင်းမှုတွေ့ရှိချက်တွေအရ သက်သေများကို ဆင့်ခေါ်တယ်။ တစ်ချို့ကလည်း လွှတ်တေ်ာကိုလာရောက်ပြီး ထွက်ဆိုကြတယ်။ ပထမက ကွင်းဆင်းစစ်ဆေးချက် ၊ နောက်တစ်ချက်က သက်သေစစ်ဆေးချက်ပေါ့၊ နောက်မှ ဝန်ကြီး စစ်ဆေးချက်ပါ ” ဟု စစ်ဆေးမှုပုံစံနှင့်ပတ်သက်ပြီး ပြည်နယ်လွှတ်တော်၏ စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ဆိုသည်။

ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်းအပေါ် စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ကုမ္ပဏီလုပ်ငန်းရှင်တွေအပါအဝင် လူ ၁၇ ဦးကို စစ်ဆေးခဲ့ပြီး မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မောင်တောမြို့နယ်များတွင် ဆောင်ရွက် နေသည့် စီမံကိန်း လုပ်ငန်းများကိုပါ သွားရောက်စစ်ဆေးခဲ့သည်ဟု သိရသည်။

သက်သေများအား စစ်ဆေးရာတွင်လည်း မျှတမှုရှိစေရန် စွပ်စွဲခံရသူ ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်း ရှေ့မှောက်တွင် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးကိုယ်တိုင် ပြန်လှန်မေးခွန်းများ မေးခွင့်ပြုခဲ့သည်ဟု ဦးနိုင်ကြွေအေး က ဆိုသည်။

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ထံ တင်ပို့ထားသည့် အစီရင်ခံစာနှင့် ပတ်သက်ပြီး မကြာခင် ကျင်းပမည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် တင်ပြမည်ဖြစ်ပြီး တွေ့ရှိချက်များနှင့်ပတ်သက်ပြီး ကြိုတင်ပြောပြ၍ မရကြောင်း ဦးနိုင်ကြွေအေးက ပြောသည်။

ရခိုင်ပြည်နယ် ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းသည် ဥပဒေအရ ပေးအပ်သည့် တာဝန်များ ကို ထမ်းဆောင်နိုင်ခြင်း မရှိသည့်အပြင် နှစ်အလိုက် ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ နှင့် အညီ မဆောင်ရွက်နိုင်ခြင်းကြောင့် ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ နစ်နာရသည် ဆိုသည့် စွပ်စွဲချက်ဖြင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးက လက်မှတ်ရေးထိုးပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့ခြင်း ဖြစ်သည်။

ယင်းအတွက်ကြောင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅ ဦး ပါဝင်သည့် အဖွဲ့တစ်ဖွဲ့အား ဧပြီလ ၉ ရက်နေ့က ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမှုများကို   ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။

စစ်ဆေးရရှိသည့် အချက်များကို မေလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြရမည်ဖြစ်သည်။

ယင်းသို့တင်ပြပြီးနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံနှစ်ပုံမှ တာဝန် ဆက်လက် ထမ်းဆောင်ရန် မသင့်ဟု ဆုံးဖြတ်ပါက လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတထံ အစီရင်ခံရမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတမှ ဝန်ကြီးအား ရာထူးမှ ရပ်စဲရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းပိုင်းကလည်း ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးအား တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်း မရှိဟု ရခိုင်ပြည်နယ်လွှတ်တော်မှ စွပ်စွဲပြစ်တင်ခဲ့သောကြောင့် စည်ပင်သာယာရေး ဝန်ကြီးအား နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီး တာဝန်မှ ရပ်စဲခဲ့သည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...