အံဒင်ကျောက်မီးသွေးစီမံကိန်း အလိုမရှိကြောင်း အစိုးရသစ်ထံ ဒေသခံများပထမဆုံးအကြိမ် စာပေးပို့

အံဒင်ကျောက်မီးသွေးစီမံကိန်း အလိုမရှိကြောင်း အစိုးရသစ်ထံ ဒေသခံများပထမဆုံးအကြိမ် စာပေးပို့
by -
သံလွင်တိုင်းမ်
မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာအနီးတွင် တိုယို - ထိုင်းကုမ္ပဏီမှ တည်ဆောက်ရန်ကြိုးပမ်းနေသည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစီမံကိန်းကို အလိုမရှိကြောင်း အစိုးရသစ်ထံ ပထမဆုံးအကြိမ် စာပေးပို့ခဲ့ကြောင်း သိရသည်။

ရွာပေါင်း (၁၀)ရွာပါ၀င်သည့် ဖာလိန်ဒေသခံများနှင့် သံဃာတော်များ အယောက်(၃၀)၀န်းကျင်တို့သည် စက်တင်ဘာ ၂၆ရက်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့ကို တွေ့ဆုံစာတင်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၊ ပြည်ထောင်စုလွှတ်တော်၊ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်အပါအဝင် ဌာန(၁၃)ခုထံသို့လည်း စာပေးပို့ခဲ့သည်။

“အရင်အစိုးရဟောင်းမှာလည်း ကျမတို့တခါစာတင်ခဲ့ပါတယ်။ ဘာမှတုံ့ပြန်မှုမရှိပါဘူး။ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ဆီမှာ လည်းတင်ပါတယ်။ အခုလက်ရှိအစိုးရသစ်မှာ ကျမတို့ပထမအကြိမ်စာလာတင်တာဖြစ်ပါတယ်”ဟု အံဒင်လူငယ် မိစိုက်စွန်းက ပြောသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနှင့် လွှတ်တော်ဥက္ကဋ္ဌတို့အားတွေ့ဆုံရာတွင် ဒေသခံများမလိုလားသည့် စီမံကိန်းကို ကုမ္ပဏီအနေဖြင့် လာရောက်လုပ်ဆောင်ခြင်းမပြုလုပ်နိုင်ရန် တာဝန်ယူသွားမည်ဟု ပြောဆိုခဲ့ကြောင်း ၎င်းကပြောသည်။

“ဒေသခံတွေမလိုလားတဲ့စီမံကိန်းမဖြစ်အောင် သူတို့ဘက်က ဆိုင်းငံ့ထားပေးမယ်။ လာပြီးမလုပ်ဆောင်ဖို့ သူတို့တာဝန်ယူမယ် လို့ပြောပါတယ်” ဟု မိစိုက်စွန်းက ပြောသည်။

၎င်းစာတွင် သဘာဝရေမြေတောတောင်ကို အမှီပြုပြီး လယ်ယာဥယျာဉ်ခြံ၊ရေလုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေကြသူများ ဖြစ်သည့်အလျောက် ရေမြေသဘာဝပတ်ဝန်းကျင်နှင့် ကမ်းရိုးတန်း ပထဝီအနေအထားကို ပြောင်းလဲပျက်စီးသွားစေမည့် ယင်းစီမံကိန်းကို လက်မခံနိုင်ကြောင်း ရေးသားထားသည်။

ထို့နောက် ဖာလိန်ဒေသတွင်ပါ၀င်သည့် အံဒင်ကျေးရွာအုပ်စု၏ အဓိကထွက်ကုန်(၃)မျိုးဖြစ်သော စပါး၊ကွမ်းသီး၊ပင်လယ်ငါးဖမ်း လုပ်ငန်းနှင့် အခြားရာသီအလိုက်ထွက်သည့် သီးနှံ(၁၃)မျိုးမှ ၂၀၁၄ခုနှစ်အတွက် တနှစ်ဝင်ငွေမှာ ကျပ်သန်းပေါင်း (၇၀၀၀)ကျော်ရှိကြောင်း အချက်အလက်များကို စစ်တမ်းကောက်ပြီး သုတေသန အစီရင်ခံစာတစောင်ပြုစုခဲ့သည်။

အံဒင်ကျောက်မီးသွေးစီမံကိန်းအကြောင်းနှင့်ပတ်သက်၍ နိဒါန်း-Touching the fire ရုပ်ရှင်နှင့် ဂျပန် ထိုင်းခရီးစဉ် အင်တာဗျုးကို ၂၀၁၅တွင် ရိုက်ကူးခဲ့သည့် ဒါရိုက်တာ မင်းသန်းဦးက စီမံကိန်းနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချရမည့်သူမှာ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်နှင့် ပြည်ထောင်စုလွှတ်တော်ဖြစ်သည့်အတွက် ပြည်နယ်အဆင့်အနေဖြင့် ထိန်း၍မရနိုင်ကြောင်း ပြောဆိုသည်။

“ပြည်ထောင်စုလွှတ်တော်မှာ ဒါနဲ့ပတ်သက်ပြီး အဆိုတင်သွင်းရမယ် အဲလိုသွားမှ အစိုးရကိုပြန်ထိန်းလို့ရမယ်။ အခုလိုမျိုးတဖက်တည်းနဲ့သွားမယ်ဆိုရင်တော့ နောက်ဆုံးဆိုင်းငံ့ပေးမယ် အဲဒီလောက်ပဲအဖြေရမယ် ရပ်တော့မရပ်နိုင်ဘူး” ဟု၎င်းကပြောသည်။

၂၀၁၅ ဧပြီလ ၉ရက်တွင် စီမံကိန်းအတွက် ပြည်ထောင်စုအစိုးရနှင့် ကုမ္ပဏီတို့ကြား သဘောတူညီမှု စာချွန်လွှာ(MOA) လက်မှတ်ရေးထိုးခဲ့ကြပြီး စီမံကိန်းသည် လျှပ်စစ်ဓာတ်အား ၁၂၈၀ မဂ္ဂါ၀ပ်ထွက်ရှိမည်ဖြစ်ရာ ပြည်တွင်းက ၀င်းရောင်ခြည်ဦး ကုမ္ပဏီနှင့် တိုယို-ထိုင်း အများပိုင်ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းပြီး အကောင်အထည်ဖော်လုပ်ဆောင်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့်အစိုးရလက်ထက် ၂၀၁၄တွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံစီမံကိန်း စတင်ဝင်ရောက်ခဲ့ပြီး ကန့်ကွက်စာများနှင့် ဆန္ဒပြဖော်ထုတ်မှုများဖြစ်ပေါ်ခဲ့သည်။

ဓာတ်ပုံ - Earthquake People's Defence Force
June 27, 2026
မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး...
ဓာတ်ပုံ-MOI
June 26, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို  မှတ်ပုံတင် ...
June 25, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူးအသစ် လက်ထက်မှာ...
ဓာတ်ပုံ-MOI
June 24, 2026
မွန်ပြည်နယ်မှာ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ဥပဒေအတိုင်း မရွေးချယ်ဘဲ...