NLD ပါတီရုံးချုပ်ရှေ့ ဆန္ဒဖော်ထုတ်သူများသည် မဘသ နှင့် ပတ်သက်မှုမရှိဟုဆို

NLD ပါတီရုံးချုပ်ရှေ့ ဆန္ဒဖော်ထုတ်သူများသည် မဘသ နှင့် ပတ်သက်မှုမရှိဟုဆို
by -
ဒေါင်းလူ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သည့်အဖွဲ့သည် မဘသအဖွဲ့နှင့် ပတ်သက်မှုမရှိဟု ယင်း ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ခဲ့သူများက ပြောသည်။

ယင်း ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်ပြီး မေလ ၂၄ ရက်နေ့ နေ့လည်ပိုင်းက မြန်မာဂျာနယ်လစ် ကွန်ယက်ရုံးတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

“ကျွန်မနဲ့ မဘသနဲ့ ဘာမှ မသက်ဆိုင်ဘူး၊ မဘသနဲ့ ဘာမှ ဆက်သွယ်တာမျိုးမရှိဘူး၊ မဘသလည်း ကျွန်မ မသိဘူး၊ မဘသကလည်း ကျွန်မကို မသိဘူးရှင့်၊ NLD ပါတီ ဆိုတာ သူက အနိုင်ရတဲ့အစိုးရပါတီလေ၊ ကျွန်မတို့က ပြည်သူလေ၊ ကျွန်မတို့က လက်သန်းမင်စွန်းပြီးတင်ထားတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မို့ ဒီအစိုးရနဲ့ကို တိုက်ရိုက် ပတ်သက်တာ၊ ဒီအစိုးရကိုပဲ ဆန္ဒပြရမှာဖြစ်တယ်" ဟု ဦးဆောင်ဆန္ဒပြသူတစ်ဦး ဖြစ်သော ဒေါ်နန်းအေးကြိုင်က မဇ္ဈိမသို့ ပြောသည်။

လူမှုကွန်ရက်ပေါ်တွင် အဆိုပါဆန္ဒပြသူများက မဘသနှင့် ဆက်နွှယ်နေသည်ဟု ပြောဆိုနေကြခြင်းအပေါ်  ယင်းကဲ့သို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

NLD ပါတီရုံးချုပ်ရှေ့တွင် ဆန္ဒပြခဲ့ခြင်းသည် ပါတီကို ပုတ်ခတ် တိုက်ခိုက်လို၍ မဟုတ်ဘဲ အစိုးရအဖွဲ့က ဖြေရှင်းဆောင်ရွက် ပေးစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး လူမှုကွန်ယက်ပေါ်တွင်လည်း မဟုတ်မမှန်စွပ်စွဲဖော်ပြမှုများရှိနေကြောင်း ဒေါ်နန်းအေးကြိုင်က ပြောသည်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ နောင်ရိုး စိုက်ကွင်းတွင် သိမ်းဆည်းခံထားရသော မြေဧက ၁၀၀၀ ကျော် ပြန်လည်ရရှိရန် အတွက် ပြီးခဲ့သည့် မေလ ၁၉ ရက်က ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရုံးရှေ့တွင် လူအင်အား ၇၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

" ခေတ်အဆက်ဆက်က သိမ်းခဲ့တဲ့အစိုးရတွေကိုတော့ ဘာမှမပြောဘဲနဲ့ အခု ၂ နှစ်မှာမှ အသိမ်းဆည်းခံမြေ တွေ ရရှိဖို့အတွက် အတတ်နိုင်ဆုံးဆောင်ရွက်နေတဲ့ အစိုးရကို တိုင်းရင်းသားဝတ်စုံတွေနဲ့ လာပြီး ဆန္ဒပြတယ်၊ ဒီခွင့်ပြုချက်မရှိဘဲ ပြတဲ့အတွက် ဒါ ဖြိုခွင်းခံရမယ်ဆိုတာ သူတို့ သိပြီးသားပါ၊ အဲဒီတော့ ဒါတွေက ဒီလို စွပ်စွဲ ချင်လို့ပဲ ပြုလုပ်တယ်လို့ သံသယရှိပါတယ်" ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က မဇ္ဈိမသို့ ပြောသည်။

ဆန္ဒဖော်ထုတ်မှုကို တာမွေဟစ်တိုင်ကွင်းတွင် ပြုလုပ်ရန် သက်ဆိုင်ရာက ခွင့် ပြုခဲ့သော်လည်း ခွင့်မပြုသည့် NLD ရုံးရှေ့တွင် ဆန္ဒ ထုတ်ဖော်သည့်အတွက် ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွင်းခဲ့သည်။

ဦးဆောင်သူ ဒေါ်နန်းအေးကြိုင်နှင့် အမျိုးသားနှစ်ဦးကို ဗဟန်းမြို့နယ်ရဲစခန်းတွင် ငြိမ်းစုစီ ပုဒ်မ (၂၀) ဖြင့် အမှုဖွင့်ထား ကြောင်း သိရသည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...