ကရင်ပြည်နယ် ဖာပွန်ခရိုင်ရှိ အစိုးရတပ်များ စတင်ဆုတ်ခွာနေ

ကရင်ပြည်နယ် ဖာပွန်ခရိုင်ရှိ အစိုးရတပ်များ စတင်ဆုတ်ခွာနေ
by -
စိုးသူအောင်
မေလ ၁၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြစဉ် / ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
မေလ ၁၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြစဉ် / ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဖာပွန်ခရိုင်တွင် တပ်မတော်မှလမ်းဖောက်လုပ်နေသည့်အတွက်တပ်စွဲထားသည့် အစိုးရတပ်များ စတင်ဆုတ်ခွာနေပြီဟု KNU ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သည့် ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက မဇ္စျိမသို့ ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ စောမူတူးစေးဖိုးဦးဆောင်သည့် ထိပ်ပိုင်းခေါင်းဆောင်များနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မေလ ၁၇ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးအပြီး သဘောတူညီချက်အရ တပ်များပြန်လည်ဆုတ်ခွာနေခြင်းလည်းဖြစ်သည်။

“ တဖြည်းဖြည်းနဲ့ဆုတ်မယ့်သဘောတော့ရှိတာပေါ့။ ဒါပေမယ့် လယ်မူပလောမှာရှိတဲ့ ကားတွေကတော့ ရှိနေသေးတယ်။ တချို့စောင့်နေတဲ့တပ်တွေတော့ ရှိနေသေးတာပေါ့နော်။   ဖြည်းဖြည်းရုတ်သွားမယ်လို့တော့ ထင်တာပဲလေ။ ဒါပေမယ့် အခုလောလောဆယ်တော့ မရုတ်သေးဘူးလို့တော့ လောလောဆယ်တော့ သိတယ်။ ဒါပေမယ့် တချို့ကတော့ ရုတ်သွားပြီပေါ့နော် ” ဟု ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ပြောသည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင် လူသောမြို့နယ် ခေးပူနှင့် လယ်မူပလောရွာအကြား၌ ကားလမ်းဖောက်လုပ်ရန် ဆိုသည့် အကြောင်းပြချက်ဖြင့် ၂၀၁၈ ခုနှစ် မတ်လ ၄ ရက်နေ့မှ စပြီး တပ်မတော်မှ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တပ်မတော်ဘက်မှ KNU ထိန်းချုပ်နယ်မြေအတွင်းသို့ ဝင်ရောက်လာမှုကြောင့် နှစ်ဖက် တပ်ဖွဲ့ွများ အကြား တင်းမာမှု ဖြစ်ပွားခဲ့ပြီး ရွာပေါင်း ၁၄ ရွာ ၊ လူဦးရေ ၂၀၀၀ နီးပါး စစ်ရှောင်ခဲ့ရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက “ တချို့တော့ပြန်လာကြပြီလို့ သိရတယ်။ အသေးစိတ် တော့ မသိသေးဘူး” ဟု ပြောသည်။

ဖာပွန်ခရိုင်အတွင်း လမ်းဖောက်လုပ်နေမှုကို တပ်မတော်မှ ယာယီရပ်ဆိုင်းထား လိုက်ပြီး ဒေသခံများနှင့် နားလည်မှု ခိုင်မာလာမှသာ ဆက်လက်ဆောင် ရွက်မည်ဖြစ်ကြောင်း လည်း သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်း၌ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် အဖွဲ့လည်း ဖြစ်သည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...