မြောက်ဦးဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံထားရသူ ၈ ဦးကို (၁ဝ) ကြိမ်မြောက်ရုံးထုတ်

မြောက်ဦးဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံထားရသူ ၈ ဦးကို (၁ဝ) ကြိမ်မြောက်ရုံးထုတ်
by -
စံမောင်သန်း

မြောက်ဦးဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံထားရသူ ၈ ဦးကို ယမန်နေ့ (မေလ ၂၄ ရက်နေ့) (၁၀) ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားလိုပြ သက်သေနှစ်ဦးကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါအမှုအတွက် ရှေ့နေလိုက်လုပ်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က “ ဒီနေ့မှာ တရားလိုပြသက်သေတွေဖြစ်တဲ့ မြောက်ဦးမြို့နယ် စခန်းမှူး ဒုရဲမှူးသိန်းနိုင်အေးနဲ့ ခရိုင်ထွေအုပ်က ဝန်ထမ်း ဦးသန့်စင်တို့ကို တရားရုံးက စစ်ဆေးမေးမြန်းမှု ပြုလုပ်ခဲ့ပါတယ်”ဟု ၄င်းကပြောသည်။

မေလ ၂၄ ရက်နေ့ နေ့လယ်ပိုင်းက ၁၀ ကြိမ်မြောက်ရုံးထုတ်ခဲ့ရာတွင် ဒဏ်ရာရသူ ၈ ဦးကို ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

“သူတို့က ဒဏ်ရာရပြီးတော့ ဆေးရုံတက်နေရတယ်ဆိုတော့ သူတို့က ပိုက်ကွန်ထဲမိတဲ့ ငါးလို ဖြစ်သွားတာပေါ့။ လူအုပ်ကတော့ ၄၀၀၀-၅၀၀၀ ဆိုတာတော့ အမှုစွဲတာမှာရော၊ အခု အစစ်ခံရာမှာရော ပေါ်ပါတယ်။ ၄၀၀၀-၅၀၀၀ ထဲမှာမှ ကံဆိုးသူတွေထဲမှာ သေတဲ့လူက အစွဲမခံရဘူးပေါ့။ ဒဏ်ရာရတဲ့ လူတွေကတော့ အစွဲခံရတယ်။ ဒါပေမယ့် တရားခံပြေးအချို့တော့ ရှိပါတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။

၎င်းပြင် ဒေါ်အေးနုစိန်က ယခင်က သူတို့အား ၉ ကြိမ်မြောက် ရုံးထုတ်ခဲ့သည်မှာ မှန်သော်လည်း တရားလို ပျက်ကွက်ခဲ့သည်မှာ တစ်ကြိမ်သာ ရှိခဲ့ကြောင်း ပြောဆိုသည်။

“ သူတို့ကို ရုံး ၉ ကြိမ်ထုတ်ခဲ့တယ်ဆိုတာမှန်တယ်။ ဒါပေမယ့် တရားလိုကို စစ်ဆေးဖို့ထုတ်တာက တစ်ကြိမ်ပဲ ရှိသေးတယ်။ အဲ့ဒီ တစ်ကြိမ်မှာ တရားလိုက ခွင့်ယူထားတဲ့အတွက် မလာနိုင်ဘူး ဆိ်ုတာကြောင့် တစ်ကြိမ်ပျက်ကွက်တာပဲရှိတယ်။ ၉ ကြိမ် မဟုတ်ပါဘူး” ဟု ယနေ့ စစ်တွေမြို့နယ် တရားရုံးတွင် ၁၀ ကြိမ်မြောက် ရုံးထုတ်အပြီးတွင် တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။

(၉) ကြိမ်ရုံးထုတ်ရာတွင် တရားလိုမရောက်၍ စစ်ဆေးနိုင်ခြင်း မရှိဟု ဖမ်းဆီးခံထားရသူ ဆွေမျိုးများက မှတ်ယူကာ သတင်းဌာနာအား မှားယွင်းစွာ ပြောကြားခဲ့သည်မှာ မဖြစ်သင့်ဟုလည်း ပြောကြားသည်။

ကျန်ရုံးထုတ်ခဲ့သည်များမှာ မြောက်ဦးတွင် ရုံးထုတ်ခဲ့သည်များရှိသလို၊ တရားစွဲဆို ခံထားရသူများ၏ ဒဏ်ရာအနေအထားများ၊ လုံခြုံရေးကို အကြောင်းပြပြီး၊ မထုတ်နိုင်ခဲ့သည့် အနေအထားများ ရှိခဲ့သည်ဟု ဆိုသည်။

“ ဒီအဖမ်းခံရတဲ့ ကလေးတွေထဲမှာ ၁၆ နှစ်၊ ၁၇ နှစ် နှစ်ယောက်ပါနေတဲ့အတွက် သူတို့ကို ကလေးသူငယ် တရားရုံးနဲ့ စစ်ရမှာလား၊ ဒီတိုင်း လူကြီးတရားရုံးနဲ့ စစ်ရမှာလားဆိုတာကို သူတို့ရဲ့ အသက်တိကျမှုအတွက် ကျောင်းအုပ် ဆရာကြီးတွေကို ခေါ်ပြီးတော့ စစ်ရတဲ့ ရုံးချိန်းက နှစ်ကြိမ် ဒီလိုဖြစ်သွားတာ”ဟု ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။

ယခု စွဲဆိုခံထားရသည့်အမှုသည် သက်သေခိုင်လုံပြီး တရားရုံးက ပြစ်ဒဏ်ချမှတ်ပါက ၇ နှစ်ထိ ကျခံနိုင်ရသဖြင့် အမာခံအလွယ်တကူ မရနိုင်သည့် အမှုဖြစ်နေသည်ဟု သိရသည်။

“သူတို့စွပ်စွဲခံနေရတဲ့ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး ဥပဒေပုဒ်မ ၆၁ ကတော့ အမာခံ အလွယ်တကူ မရနိုင်တဲ့အမှု ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ခံစားနေရတဲ့ သေနတ်ဒဏ်ရာတွေမှာ ၃ ယောက်ကတော့ အခုထိ ဂျိုင်းထောက်နဲ့ မသွားနိုင်၊ မလာနိုင် တော်တော်ကြီးကို ခက်ခက်ခဲခဲ သွားလာနေရတဲ့ အခြေအနေရှိတယ်။ နောက် ဒီကလေးတွေရဲ့ ပြောပြချက်အရ အထူးကုတွေနဲ့ ကုသဖို့အတွက် လိုအပ်တယ်လို့ သူတို့က တင်ပြကြတယ်။ ကျနော်တို့ကတော့ လူမှုရေးနဲ့ ကျန်းမာရေးအခြေအနေအရ အတတ်နိုင်ဆုံး ထောင်ဆရာဝန်တွေနဲ့ပဲဖြစ်ဖြစ်၊ အခြားလိုအပ်တဲ့ ဆေးကုသမှု အပိုင်းအတွက် လိုအပ်သလို အထောက်အထားတွေ ရှာဖွေပြီးတော့ ရုံးတော်ကို တင်ပြဖို့ စီစဉ်ဆောင်ရွက်နေကြပါတယ်”ဟု အဆိုပါ အမှုအတွက် လိုက်ပါလုပ်ဆောင်နေသည့် နောက်ရှေ့နေတစ်ဦးဖြစ်သူ အထက်တန်းရှေ့နေ ဦးထွန်းအောင်ကျော်က သတင်းထောက်များကို ပြောသည်။

သူတို့အမှုအတွက် နောက်တစ်ကြိမ် ၁၁ ကြိမ်မြောက် ရုံးချိန်းကို ဇွန်လ ၅ ရက်နေ့ကို သတ်မှတ်လိုက်သည်ဟု သိရှိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...