ကချင်ဒေသတိုက်ပွဲများကြောင့် ဒေသခံ ၁၅၀၀ ခန့် မြစ်ကြီးနားမြို့သို့ လာရောက်ခိုလှုံနေရ

ကချင်ဒေသတိုက်ပွဲများကြောင့် ဒေသခံ ၁၅၀၀ ခန့် မြစ်ကြီးနားမြို့သို့ လာရောက်ခိုလှုံနေရ
by -
စိုးသူအောင်

ကချင်ပြည်နယ်အတွင်းမှ တိုက်ပွဲများကြောင့် အနည်းဆုံး ကျေးရွာ ၁၅ ရွာမှ ဒေသခံ ၁၅၀၀ ခန့် မြစ်ကြီးနားမြို့ပေါ်ရှိ ဘုရားကျောင်းများနှင့် နီးစပ်ရာဆွေမျိုးများထံ လာရောက်ခိုလှုံနေရကြောင်း ဒေသခံများက ပြောသည်။

စစ်ဘေးရှောင်အများစုမှာ မေခ၊ မလိခ မြစ်ဆုံအနီးက တန်ဖရဲရွာမှ၊ ကက်သလစ်သာသနာ မာရိယာကောင်းကင်ဘုံသခင်မဘုရားကျောင်းတွင် ခိုလှုံနေကြခြင်းဖြစ်ပြီး အနည်းဆုံး လူဦးရေ ၁၂၀၀ ခန့် ရှိနေသည်။

“ မနေ့က စာရင်းတော့မပါသေးဘူး တစ်နေ့က စာရင်းအရဆို ၁၂၀၀ ပေါ့။ လူဦးရေက။ အိမ်ထောင်ကတော့ ၂၅၀ ကျော်တယ်ထင်တယ် “ ဟုအဆိုပါဘုရားကျောင်းတွင် ရွာလုံးကျွတ်လာရောက်ခိုလှုံနေရသည့်  အင်ဂျန်းယန်မြို့နယ်ရှိ စွပ်နမ်ရန်ရွာမှ ဒေါ်ကိုင်လ်ကြားကပြောသည်။

အဆိုရွာအပြင် ၁၆ မိုင်ရွာ အစရှိသည့် အင်ဂျန်းယန်မြို့နယ်ထဲရှိ ကျေးရွာအများစုမှာ တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ် (KIA) တို့ ၄င်းတို့၏ရွာထဲတွင် တိုက်ပွဲစဖြစ်သည့် ဧပြီလ ၂၆ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်ကတည်း ထွက်ပြေးလာရခြင်းဖြစ်ကြောင်းလည်းသိရသည်။

“ ၅၀ ကျော်လောက်က ဟိုး တောထဲမှာကျန်နေတာ အခက်အခဲများလို့ ဒီကိုမရောက်လာတာ။ ၂၅၀ လောက် ဒီကိုရောက်နေတာ “ ဟု ၁၆ မိုင်ရွာမှ စစ်ရှောင်လာသည့် ဦးတိုးလ်မိုင်လ် ကပြောသည်။

အလားတူ ရွာသားအများစုမှာ ၎င်းတို့ ပိုင်ဆိုင်သည့်  ကြက်၊ ဝက်၊ နွားများအပြင် အိမ်များကိုပါစွန့်၍ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ထွက်ပြေးလာရခြင်းဖြစ်ကြောင်း ၄င်းကဆက်လက်ပြောသည်။

တန်ဖရဲရွာက၊ ကက်သလစ်ဘုရားကျောင်းသို့စစ်ရှောင်သူများမှာ အနည်းဆုံး ၂ ကြိမ်ခန့် ယခုကဲ့သို့ စစ်ရှောင်ရဖူးပြီး ရွာပြန်သည့်အခါတွင် ၎င်းတို့ပိုင်ဆိုင်သည့် ဥစ္စာပစ္စည်းများမရှိတော့မည်ကိုလည်း စိုးရိမ်နေကြသည်။

“ ကျွန်တော်တို့ ပစ္စည်းရှိနေဦးပါ့မလားဆိုတာ မသေချာတော့ပါဘူးဗျာ “ ဟု ပုံဆွေယမ်ရွာမှ ဦးကပ်တူးလ်နမ် ကပြောသည်။

KIA ကချင်လွတ်မြောက်ရေးအဖွဲ့ တပ်ရင်း ၄ တပ်စွဲထားသည့် ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်တဝိုက်တွင် ဧပြီနှင့် မေလအတွင်း တပ်မတော်နှင့် KIA တို့ တိုက်ပွဲများ  ဆက်တိုက်ဖြစ်ပွားနေဆဲလည်းဖြစ်သည်။

ဧပြီလ ၂၄ ရက်နေ့ကစပြီး အင်ဂျန်းယန်မြို့နယ် ၁၆ မိုင်နဲ့ ၁၇ မိုင်ကြား၌ တပ်မတော်နှင့် KIA တို့ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့ အချိန် မေလ ၉ ရက်နေ့အထိ စစ်ဘေးရှောင်များတိုးလာနေဆဲလည်းဖြစ်သည်။

တနိုင်းမြို့နယ်ထဲမှ ဒေသခံထောင်ကျော်သည် လည်း တောထဲတွင် ပုန်းအောင်းခိုလှုံနေကြသေးပြီး ပြည်နယ်အစိုးရဘက်မှ ပြန်လည်ကယ်ဆယ်ရန်ကြိုးပမ်းနေပြီး အချို့မှာ စစ်ဘေးလွတ်ရာဒေသသို့ ရာက်ရှိလာပြီဖြစ်သည်။

 

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...