ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ဘုံဇုန်းရွာတွင် ချင်းပြည်နယ် အစိုးရမှ ဘိလပ်မြေ စက်ရုံ ဖွင့်လှစ်မည်ဖြစ်ကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျံလွယ်က Chin World သတင်းဌာန သို့ပြောသည်။
အဆိုပါ ဘိလပ်မြေစက်ရုံသည် အရည်အသွေးပြည့်မီမှု ရှိမရှိ စမ်းသပ်မှုတွေလုပ်ဆောင်ခဲ့ပြီး အောင်မြင်မှု အပြည့်အဝရှိကြောင်း သိရသည်။
ချင်းပြည်နယ် ဝန်ကြီးချုပ်က "ဗဟိုအစိုးရက သံယံဇာတနှင့် သတ္တုဝန်ကြီးဌာနနဲ့ ပူးတွဲလုပ်ဆောင်နေတာပါ၊ ဒုုသမ္မတကလည်း တတ်နိူင်သလောက်ကြိုးစားတယ်၊ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စု ပူးတွဲပြီး လုပ်ဆောင်နေတယ်” ဟု ပြောသည်။
ဘုံဇုံကျေးရွာသည် မကွေးတိုင်းမှ ချင်းပြည်နယ် မြောက်ပိုင်းဖက်သို့သွားသည့် မကွေးတိုင်းနှင့် ချင်းပြည်နယ် နယ်စပ် ချင်းပြည်နယ် နယ်နိမိတ်တွင်ရှိသည့် မြေပြန့်ကျေးရွာဖြစ်သည်။
ချင်းပြည်နယ်ဝန်ကြီးချုပ်မှ ဘုံဇုန်းကျေးရွာတွင် ဘိလပ်မြေစက်ရုံအပြင် နောက်ပိုင်းတွင်း ရထားလမ်းများလည်းတည်ဆောက်ရန်ရည်ရွယ်ထားသည့်နေရာဖြစ်ကြောင်းပြောသည်။
ဝန်ကြီးချုပ်က “ဘိလပ်မြေစက်ရုံလည်း ဆောက်လုပ်ဖို့ရှိတယ်၊ ရထားဘူတာလည်း ထားရှိဖို့စီစဉ်ထားတယ်၊ အဲဒါတွေ ကျွန်တော်တို့အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေတယ်၊ အဲ့ဒီအတွက် ကျွန်တော်တို့ Survey လည်းပြီးသွားပြီ၊ ဘယ် Company တာဝန်ယူပြီး လုပ်ငန်းဆောင်ရွက်သွားမည်လို့တော့ မသိဘူး၊ ပြည်ထောင်စုက ညုှိနိူင်းနေတယ်” ဟု ဆက်လက်ရှင်းပြသည်။
ချင်းပြည်နယ်၊ ဘုံဇုန်းကျေးရွာ၊ ဘိလပ်မြေစက်ရုံ တည်ဆောက်ဖို့ရန် ချင်းပြည်နယ် အစိုးရ၊ ပြည်ထောင်စုအဆင့် သာမက နိူင်ငံခြားပညာရှင်များမှ စမ်းသပ်ပြီး ရေရှည်လုပ်ငန်းလုပ်ဆောင်ဖို့ စိတ်ဝင်စားကြကြောင်း သိရသည်။
ချင်းပြည်နယ် ဝန်ကြီးချုပ်က “အိန္ဒိယမှာလည်း စမ်းသပ်ပြီးပြီး၊ နိူင်ငံခြားကလည်း လာစမ်းသပ်ပြီးပြီ၊ ရေရှည်အတွက် အောင်မြင်မှုရနိူင်မယ်လို့တော့ ပြောတယ်၊ နှစ်ရှည်အတွက် ကျောက်တွေရှိတယ် အဲဒီကျောက်ထဲမှာ ရွှေဖြူလည်းတွေ့တယ်လို့ ပြောကြတယ်၊ အဲဒါကတော့ Company တစ်ခု ပြောကြားချက်ပေါ့၊ ဘိလပ်မြေအတွက်တော့ ကောင်းတယ်လို့ ပြောကြတယ်” ဟု ဆက်လက်ပြောသည်။







