“တကယ်ကတော့ ပြည်တွင်းငြိမ်းချမ်းရေးမရှိလို့ပါ”

“တကယ်ကတော့ ပြည်တွင်းငြိမ်းချမ်းရေးမရှိလို့ပါ”
by -
ကေအိုင်စီ
နိုင်ငံများစွာထဲက လက်နက်ကိုင်ပဋိပက္ခဒေသတွေမှာ မြေမြုပ်မိုင်းတွေကြောင့် မြောက်များစွာသော အသက်တွေဆုံးရှုံးခဲ့ကြရတဲ့အပြင် ကိုယ်လက်အင်္ဂါတွေဆုံးရှုံးခဲ့တဲ့သူတွေလည်း အမြောက်အများရှိပါတယ်။အဲသလို နိုင်ငံတွေထဲမှာ ပြည်တွင်းစစ် အနှစ် ရ၀နီးပါးရှိလာခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံထဲက လက်နက်ကိုင်ပဋိပက္ခနယ်မြေတွေမှာ မြေမြုပ်မိုင်းတွေကရှိနေဆဲဖြစ်သလို မြေမြုပ်မိုင်းတွေကြောင့်လည်း ထိခိုက်သေဆုံးသူတွေအခုထိကို ဆက်လက်ရှိနေပါတယ်။

ဒီလိုများပြားလှတဲ့ ထိခိုက်သူတွေအထဲမှာကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ထဲက တခေါတိုဘောကျေးရွာသား စောကြေးယိုလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးမတိုင်ခင်က ၂၀၁၀ခုနှစ်မှာ စောကြေးယိုဟာမြေမြုပ်မိုင်းနင်းမိပြီး ဘယ်ဖက်ခြေထောက်တစ်ဖက်ပြတ်ခဲ့ရပါတယ်။

အခုလို ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့အပေါ် ဘဝအတွက် အခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီး တိုင်းပြည်မှာစည်းလုံးမှုတွေ၊ ငြိမ်းချမ်းမှုတွေရှိခဲ့မယ်ဆိုရင် အခုလိုအဖြစ်မျိုးနဲ့ရင်ဆိုင်ရမှာမဟုတ်ဘူးလို့ မြေမြုပ်မိုင်းဒဏ်ခံရသူစောကြေးယိုကပြောပါတယ်။

“ကျနော်မိုင်းထိခဲ့တာက အိမ်ထောင်ပြုပြီး ကလေးတစ်ယောက်ရတဲ့နောက်ပိုင်းမှာမှပါ။ ကျနော်တောထဲမှာ စားဖို့ထွက်ရှာရင်း မိုင်းနင်းမိတာဖြစ်ပါတယ်။ ဘယ်သူဘယ်ဝါ ထောင်ထားတာဖြစ်တယ်ဆိုတာတော့မသိဘူး။ဒါက တိုင်းပြည်ထဲမှာ ငြိမ်းချမ်းမှုမရှိလို့ ကျနော်အခုလိုအဖြစ်နဲ့ တွေ့ကြံုရတာဖြစ်တယ်လို့ပဲယူဆမိတယ်။” သူကဆိုသည်။

KIC230

သူဟာ မိုင်းထိတဲ့ဒဏ်ရာကို ၂၀၁၀ခုနှစ်တုန်းက ဖာပွန်ဆေးရုံမှာ ဆေးဝါကုသမှုကိုခံယူခဲ့ရတယ်။ဆေးရုံမှာ နှစ်လလောက်ကြာသွားတဲ့အတွက် ကုန်ကျစရိတ်တော့ရှိခဲ့ပေမယ့် နှစ်လပြီးတဲ့နောက်ပိုင်း ဝေဒနာနည်းနည်းသက်သာလာပြီး ရွာကိုပြန်လာခဲ့ ပါတယ်။

မိုင်းမထိမှန်ခင်ကာလက စောကြေးယိုဟာမိသားစုနဲ့အတူ တောင်ယာ၊ လယ်ယာအလုပ်နဲ့ပဲ အသက်မွေးဝမ်းကျောင်းနေတာပါ။ တောင်ယာအလုပ်တွေအပြင် ဇကောတို့၊ပလိုင်းတို့ယက်ရင်းဆန်တို့၊ဆေးရွက်တို့နဲ့လဲပြီးမိသားစုစားဖို့အတွက် လုပ်ရတယ်။သို့သော် မိုင်းထိသွားပြီးနောက်ပိုင်းမှာ လယ်ယာ၊တောင်ယာအလုပ်တွေကို အရင်ကလိုမလုပ်နိုင်တော့ဘူး။

သူ့အတွက် အဓိကရင်ဆိုင်ရတဲ့ စိန်ခေါ်မှုအခက်အခဲတွေကတော့ လုပ်ရကိုင်ရတာ အားမရဘူး။သွားရေးလာရေးလည်း အရင်ကလိုမျိုးမဟုတ်တော့ဘူးဆိုတာပါပဲ။

“ကျနော့်စိတ်ထဲမှာ ခံစားရတာတစ်ခုကတော့ စိတ်မကောင်းဘူးပေါ့နော်။ အရင်ကဘဝမျိုးလိုမဟုတ်တော့ဘူးပေါ့နော်။ စိတ်ထိခိုက်မှုတွေ၊စိတ်ဆင်းရဲမှုတွေပိုများတယ်။ကျနော့်ကိုအဓိက အနီးကပ်ကူညီမှုပေးတာကတော့ကျနော့်မိန်းမ၊ ကျနော့်မိဘနဲ့ဆွေမျိုးတွေပါပဲ။” ဟုဆိုသည်။

စောကြေးယိုဇနီးက “ကျမယောက်ျား မိုင်းထိပြီးနောက်ပိုင်း ကျမအတွက်အခက်အခဲတွေ အရင်ကထက်ပိုပြီးရင်ဆိုင်ရတယ်။ ခက်ခက်ခဲခဲနဲ့အလုပ်လုပ်ရတယ်။ အရင်လိုမဟုတ်တော့ဘူး။ ကျမယောက်ျား အခုလိုဖြစ်တာ ကျမအရမ်းစိတ်မကောင်းဖြစ်မိတယ်။ဒါပေမယ့်ကျမတို့ တစ်ယောက်နဲ့တစ်ယောက်ချစ်ကြတယ်။ ကျမတို့ကကလေးတွေနဲ့ ဒီလိုပဲပျော်ပျော်နေလိုက်တယ်။”လို့ ဆိုပါတယ်။

အခုဆိုရင် စောကြေးယိုဟာ မိုင်းထိထားတဲ့ခြေတစ်ဖက်ကို ခြေတုတပ်ထားပြီး သွားလာလုပ်ကိုင်နေသူ ဖြစ်ပါတယ်။

“ဒီခြေတုကို ကျနော်မယ်ရာမိုဒုက္ခသည်စခန်းမှာ ရခဲ့တယ်။ အဲမှာကျနော့်ဦးလေး၊ အဒေါ်တစ်ယောက်နှစ်ယောက်ရှိတယ်။ ဒီခြေတုကို မယ်ရာမိုစခန်းမှာသွားတပ်ခဲ့တယ်။ကျနော့်ဦးလေး၊ အဒေါ်တွေက ကျနော့်ကိုအကြောင်းကြားတယ်။ ဒီလိုမျိုးခြေတုတွေလုပ်ပေးတာတွေပေါ့နော်။ ကျနော့်ကိုဒုက္ခသည်စခန်းမှာ ခြေတုတပ်ဖို့သူတို့လမ်းညွန်ပေးခဲ့တယ်။ အဲဒီမှာခြေတုတပ်တာ ကုန်ကျစရိတ်မရှိဘူးလေ။အဲဒါကြောင့် ကျနော်မယ်ရာမိုမှာသွားတပ်ခဲ့တယ်။”

KIC231

ကရင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားနယ်မြေဒေသ အတော်များများမှာ အစိုးရစစ်တပ်နဲ့ တိုင်းရင်းသားလက် နက်ကိုင် တော်လှန်ရေး အဖွဲ့တွေကြားစစ်ရေးပဋိပက္ခတွေဟာ နှစ်ပေါင်းများစွာဖြစ်ရှိနေတာမို့ စောကြေးယိုကဲ့သို့သောကိုယ် အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီး၊ အမျိုးသား၊ ကလေးလူကြီးအရွယ််မရွေးများစွာရှိနေမှာပါ။

စောကြေးယိုနောက်ဆုံးကောက်ချက်ချတာက “တကယ်ကတော့ ပြည်တွင်းငြိမ်းချမ်းရေးမရှိလို့ပါ။ ကျနော်တို့ကငြိမ်းချမ်းရေးလို အပ်တာပေါ့နော်။ ကျနော်တို့ စည်းလုံးမှုရှိဖို့လည်းလိုတယ်။စည်းလုံးမှုရှိရင် ကျနော် အခုလိုအခက်အခဲမျိုးနဲ့ တွေ့ကြံုရမှာမဟုတ်ဘူး လို့မြင်တယ်။”

April 7, 2026
ဒေသခံတစ်ဦးက သူ့အမြင်ကို ထုတ်ဖော်ပြောဆိုရန် စိတ်ရှိနေသော်လည်း လုံခြုံရေးအပေါ် စိုးရိမ်မှုများက...
April 2, 2026
DonBosco — လက်ရှိမှာ အာဏာသိမ်းစစ်ကော်မရှင်က ရွေးကောက်ပွဲများ ကျင်းပပြီးနောက်...
April 1, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသဖွံ့ဖြိုးရေးဟုဆိုကာ ဒေသခံပြည်သူလူထု၏ အသံနှင့် သဘာဝပတ်ဝန်းကျင်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...