အားကစားနှင့်အနုပညာ သင်ကြားသည့် တက္ကသိုလ် ကယားတွင် ဖွင့်လှစ်ရန် ဟက်ကက် ဆန္ဒရှိ

အားကစားနှင့်အနုပညာ သင်ကြားသည့် တက္ကသိုလ် ကယားတွင် ဖွင့်လှစ်ရန် ဟက်ကက် ဆန္ဒရှိ
by -
ကန္တာရဝတီတိုင်း(မ်)
ကယား(ကရင်နီ) ပြည်နယ်အတွင်း အားကစားနှင့် ဂီတအနုပညာများ ပူးတွဲသင်ကြားနိုင်သည့် တက္ကသိုလ် ဖွင့်လှစ်ရန် ဆန္ဒရှိနေကြောင်း ပညာဒါနဖောင်ဒေးရှင်းအဖွဲ့ဝင် အဆိုတော် ကိုဟက်ကက်က ပြောသည်။

“ကျနော်တို့ ဒေသမှာရှိတဲ့ လူငယ်တွေက တန်းဖိုးမြှင့်လာလေ ကျနော်တို့ဒေသအတွက် ပိုပြီးတော့ ကောင်းလာလေ ကျနော်တို့ နိုင်ငံအတွက် ပိုပြီး ကောင်းလာလေပဲလို့ ခံယူပါတယ်” ဟု သူက ပြောသည်။

မေ ၈ ရက် လွိုင်ကော်မြို့ ကန္ဒရဝတီအားကစားကွင်းတွင် ကယားလူငယ်များ၏ ပညာရေးကို ကူညီရန် ပညာဒါနဖောင်ဒေးရှင်း အဖွဲ့က ပြုလုပ်သည့် ပညာရေးရန်ပုံငွေပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းရန်ပုံငွေပွဲတော်သို့ အဆိုတော် ဖိုးခွား၊ ဟန်ထွန်း၊ ဟက်ကက်၊ တင်ဇာမော်နှင့် အငြိမ့်အဖွဲ့များ လာရောက် ဖျော်ဖြေခဲ့ကြသည်။

လူရွှင်တော် ကိုပန်းသီးကလည်း နိုင်ငံခေါင်းဆောင်ဖြစ်လာမည့် လူငယ်များ အချိန်မဖြုန်းရန်နှင့် ကြိုးစားသွားရန် ပြောဆိုသွားသည်။

ကိုဖိုးခွားကလည်း “အဓိက ကတော့ငြိမ်းချမ်းရေးကို လုပ်ဆောင်နိုင်မယ့် ပညာရေးစနစ်ကို ဘယ်လိုလုပ်မလဲ ဆိုတဲ့ သတင်းစကားလေးကို မက်ဆေ့ချ်လေးပေးချင်ပါတယ်” ဟု ပြောကြားသွားသည်။

ပြည်နယ်အတွင်းရှိ ကျောင်းသားလူငယ်များအတွက် ပညာဒါန ဖောင်ဒေးရှင်းကို ယခု မေလအတွင်းမှ စတင်ဖွဲ့စည်းခဲ့ပြီး ပထမဆုံး လှုပ်ရှားမှုအဖြစ် ရန်ပုံငွေရှာဖွေသည့် ပွဲတော်ကို ကျင်းပခြင်းဖြစ်သည်ဟု ကရင်နီ လူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးရေးပင်မ (KSWDC) မှ ဒါရိုက်တာ ခူးထဲဘူးကပြောသည်။

ပြည်နယ် အတွင်းရှိ ပညာရေးအခွင့်အလမ်းနည်းသော ကျောင်းသူကျောင်းသားများအတွက် ကျောင်းအိပ် ကျောင်းစား ဘော်ဒါဆောင်များကို ပညာဒါန ဖောင်းဒေးရှင်းက ဆောက်လုပ်ရန်အစီစဉ်ရှိကြောင်း သူက ပြောသည်။

“တချို့က ပညာသင်စရိတ် တအားများတော့ မတတ်နိုင်လို့ ကျောင်းထွက်သွားရတာရှိတယ်၊ အဲလို မဖြစ်အောင် ဒီရည်ရွယ်ချက်နဲ့အိမ် မှာ ပြပေးတဲ့သဘောပေါ့၊ သင်ပေးမယ်” ဟု ခူးထဲဘူးကဆိုသည်။

ဘော်ဒါဆောင်များတွင် ၂၀၁၆ ပညာသင်နှစ်တွင် ၈တန်း၊ ၉တန်း နှင့် ၁၀ တန်း အတန်းပညာသင်ယူနေသော ကျောင်းသူ၊ ကျောင်း သားများကို အဓိက ဦးစားပေးအနေဖြင့် ရွေးချယ်ထားမည်ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ - TikTok၊ ပေးပို့
January 13, 2026
စစ်ကော်မရှင်ကနေ ဦးစီးပြုလုပ်တဲ့ ( ၇၄ ) နှစ်မြောက် ကယားပြည်နယ်နေ့ပွဲကို ယမန်နေ့ ဇန်နဝါရီလ ၁၂...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
January 12, 2026
ကရင်နီအမျိုးသားကောလိပ် (KnNC) ကျောင်းရဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့နဲ့ ၁၁...
January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...