“ပုံစံ(၇) တွေကို သူတို့သိမ်းထားထာ ၂ နှစ်ရှိပြီ၊ သူတို့ကပဲ အစိုးရထံကို အခွန်ဆောင်ပေးထားတယ်။ လယ်ယာမြေ ဥပဒေအရ ၁၀ နှစ်အတွင်း အခွန်ဆောင်ပေးနေတဲ့သူက ပိုင်ဆိုင်ခွင့် ရှိသွားနိုင်တယ်” ဟု ဖားဆောင်းမြို့ခံ ဦးစိုင်းသန်းရွှေက ပြောသည်။
တောင်သူများက မြေယာများကို စီးပွားရေးလုပ်ငန်းရှင်များထံ ရောင်းချသွားမည်ကို စိုးရိမ်၍ သိမ်းဆည်း ထားပေးခြင်းဖြစ်သည်ဟု ကြယ်ဖြူ အဖွဲ့အစည်းမှ အရာရှိတစ်ဦးက ပြောဆိုသည်ဟု သောသီခို လူမှုအထောက်အကူပြု အဖွဲ့ဝင် မနော်လူဒီးကပြောသည်။
“သိမ်းထားပေးတယ်ဆိုတာက ခဏနေကျရင် ပြည်သူလက်ထဲရောက်သွားရင် အဲဒီမြေတွေကို ပြည်သူတွေက ရောင်း မှာစိုးလို့ပေါ့နော။ သူ့တို့ခေါင်းဆောင်တစ်ယောက်က အဲလိုပြောတယ်” ဟု မနော်လူဒီးက ပြောသည်။
ကြယ်ဖြူအဖွဲ့အစည်းက ပုံစံ (၇) ကို သိမ်းဆည်းထားသော်လည်း မြေယာများကို တောင်သူများကို လုပ်ကိုင်ခွင့် ပေးထားပြီး ပုံစံ ရ ကို အမည်ပြောင်းလဲခြင်းများ လုပ်သွားမည်မဟုတ်ဟု ပြောကြောင်း မနော်လူဒီးကဆိုသည်။
ခဲမဖြူ တောင်သူများက မြေယာများပေါ်တွင် စိုက်ပျိုး လုပ်ကိုင် စားသောက်နေသော်လည်း ကြယ်ဖြူအဖွဲ့အစည်း က နှစ်စဉ် မြေခွန်ပေးဆောင်ပေးနေသည့်အတွက် ဥပဒေအရ နောင်တချိန်တွင် ကြယ်ဖြူအဖွဲ့ပိုင် ဖြစ်သွား မည်ကို ဒေသခံများက စိုးရိမ်နေသည်။
လယ်ယာမြေဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)ကို ဒေသခံတောင်သူများ လက်ဝယ် ရှိရမည်ဟု ပြည်နယ် အတွင်း တောင်သူများအရေး ဆောင်ရွက်ပေးနေသည့် Law home Law firm ရှေ့နေ ကိုကျော်ဝဏ္ဏအောင် ကပြောသည်။
“မြေစာရင်းကတော့ သူထုတ်ပေးရမှာကတော့ ပိုင်ရှင်ကိုပဲ ထုတ်ပေးရမှာပဲ၊ ပိုင်ရှင်လက်ဝယ်ပဲ အပ်ရမယ်၊ ပိုင်ရှင်က ဒီလူဆီအပ်ပေးပါလို့ ပြောရင်တော့တမျိုးပေါ့၊ ပိုင်ရှင်ကလိုချင်တယ်ဆိုရင် ပြန်ပေးရဖို့တာဝန်ရှိတယ်။ အဲဒီယူထားတဲ့လူက ပြန်မပေးရင် သက်ဆိုင်ရာတရားရုံးကနေ တရားစွဲတောင်းရမယ်” ဟု သူက ပြောသည်။
ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီထံသို့ ပုံစံ(၇)များ ပြန်လည်ရရှိရေး တောင်သူ ၁၀၀ ကျော်က လက်မှတ်ထိုး တင်ပြတောင်းဆိုထားသည်။







