လူထုတွေ့ဆုံပွဲများ လွတ်လပ်စွာကျင်းပခွင့်ရရှိပြီးမှ မွန်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း “ မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီ“ အဖွဲ့ဝင်မွန်ပြည်သစ်ပါတီအတွင်းရေးမှူး နိုင်ဝင်းလှကပြောဆိုလိုက်သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က “ မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီ “ကို မတ်လ ၂၃ ရက်နေ့က ဖွဲ့စည်းပေး လိုက်သော်လည်း လူထုတွေ့ဆုံပွဲများပြုလုပ်သည့်နေရာတွင် အခက်ခဲများရှိနေခြင်းဖြစ်ကြောင်း ၄င်းကဆက်လက်ဆိုသည်။
“ လူထုတွေ့ဆုံပွဲတွေမဖြစ်သေးလို့လေ။ လူထုတွေ့ဆုံပွဲတွေကျင်းပပြီးမှပဲ ဆက်လုပ်ဖို့ဆန္ဒရှိတော့ ပြီးမှပဲ ဆက်ပြီးတော့ ကျင်းပဖြစ်မှာပေါ့” ဟုနိုင်ဝင်းလှကပြောသည်။
မည်သည့်အချိန်ခန့့်တွင်လုထုတွေ့ဆုံပွဲများကျင်းပပြီးစီးရန်မျှော်မှန်းထားသနည်းဆိုသည့်မေးခွန်းကို “ ကျွန်တော်တို့ လည်းဖြေရခက်နေတယ်။ လုပ်ခွင့်ပြုတာ မပြုတာက အစိုးရအပိုင်းနဲ့ တပ်အပိုင်းပဲ သူတို့အလုပ်ပဲယူဆတယ်လေ “ ဟု၄င်းကဆက်လက်ပြောသည်။
မွန်အမျိုးသားအဆင့် ဆွေးနွေးပွဲကို မူလက ဧပြီလ ၆ ရက်မှ ၉ ရက်အထိ ကျင်းပရန်စီစဉ်ထားခြင်းလည်းဖြစ်သည်။
၂၁ ပင်လုံညီလာခံတွင် တင်ပြရမည့် အချက်အလက်များအတွက် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ရေးထိုးထားသည့်တိုင်းရင်းသား လက်နက်ကိုင်များ၏နယ်မြေများတွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ရန် NCA စာချုပ် တွင်ဖော်ပြထားသည်။
ထိုကဲ့သို့အမျိုးအဆင့်နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ရန်အတွက် လူထုတွေ့ဆုံပွဲများသည် အရေးပါသော အခန်းဏ္ဍတွင်တည်ရှိနေသည်။
မွန်ပြည်သစ်ပါတီ(NMSP) သည် ဖဖော်ဝါရီ ၁၃ ရက်တွင် အစိုးရ၊ တပ်မတော်နှင့် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ် (NCA) ကိုရေးထိုးထား သည့်အဖွဲ့လည်းဖြစ်သည်။







