ထိုအကြောင်းနှင့်ပတ်သက်၍ မျက်မြင်သက်သေဖြစ်သည့် သစ်ခုတ်သမားတစ်ဦးက “ကျနော်က အောက်မှာသစ်ကြည့်နေတာ အပေါ်မှာ ပေါက်ကွဲတဲ့အသံအကျယ်ကြီး ကြားရပြီး လေယာဉ် ၂ စီး နီးနီးလေးပဲပျံသွားတာ တွေ့တယ်၊ အသံကြားတဲ့နေရာမှာလည်း မီးခိုးတွေအများကြီး ထွက်လာတယ်၊ ကျနော်လည်းကြောက်တာနဲ့ သွားမကြည့်ရဲပဲ ပြန်ပြေးလာတာ ”ဟု ပြောသည်။
ဧပြီ ၂၉ ရက် နံနက်ပိုင်းက လေယာဉ် ၂ စီးဖြင့် ဗုံးကြဲသွားကြောင်း၊ ပြင်းထန်စွာပေါက်ကွဲသည့်အသံကို ကြားခဲ့ရပြီး များစွာစိုးရိမ်သွားသည်ဟု ဘီဆိုရွာသားတစ်ဦးက ပြောသည်။
“အိမ်တောင်လှုပ်သွားတယ်။ ကျနော်လည်း အရမ်းလန့်သွားတာ လေယဉ်နဲ့ ဗုံးကြဲတာပဲ ဖြစ်နိုင်တယ်။ အသံကြားတာနဲ့ လေယာဉ် ၂ စီး သွားလိုက်တယ် အနောက်တစီးက မီးခိုးအဖြူတန်းတွေပါတယ်။ သူသွားတဲ့နောက်မှာ ခုကလေးတွေကော အကုန်လုံးကို အိမ်ထဲမှာပဲ နေခိုင်းထားရတယ် ”ဟု သူက ကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။
ထိုဗုံးကြဲမှုဖြစ်ပွားခဲ့သည်ဟု ယူဆရသော ဒေသများမှာ ကရင်နီအမျိုးသား တိုးတတ်ရေးပါတီ (KNPP) ထိန်းချုပ်ဒေသ ကေးလျားမြို့နယ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြည်နယ်အစိုးရက လေယာဉ် ဗုံးကြဲခြင်း မဟုတ်ဟု ပြောဆိုကြောင်း လွိုင်ကော် KNPP ဒု ဆက်ဆံရေးရုံး တာဝန်ခံ ဦးအယ်လိယာက ပြောသည်။
“ကျနော်ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရကိုမေးကြည့်ပါတယ်၊ သူတို့ကတော့ လေယာဉ်ဗုံးကြဲတာ မဟုတ်ဘူးလို့ပြောပါတယ် ”ဟု သူက ကန္တာရဝတီတိုင်း(မ်) သို့ ပြောသည်။
မေလ ၂ ရက်က ဒေသခံများ၊ KNPP အဖွဲ့ဝင်များ၊ သတင်းထောက်များ၊ တောင်သူလယ်သမား သမဂ္ဂအဖွဲ့ဝင်များ ဗုံးပေါက်ကွဲသည်ဟု ယူဆရသောနေရာများကို သွားရောက်လေ့လာခဲ့သော်လည်း တစုံတရာ တွေ့ရှိရခြင်းမရှိခဲ့ပေ။







