၂၀၁၈ အခွန်ဥပဒေအတည်ပြု ၊ အခွန်သက်သာခွင့်များမပါဝင်ဘဲ ယခင်နှစ်အတိုင်းသာ အခွန်ဆက်လက်ကောက်ခံမည်

၂၀၁၈ အခွန်ဥပဒေအတည်ပြု ၊ အခွန်သက်သာခွင့်များမပါဝင်ဘဲ ယခင်နှစ်အတိုင်းသာ အခွန်ဆက်လက်ကောက်ခံမည်
by -
ဇေယျာမော် ၊ အောင်မြတ်သူ

၂၀၁၈ ခုနှစ် အတွက် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအား ပြည်ထောင်စုလွှတ်တော်၌ ဥပဒေကြမ်း တစ်ပိုဒ်ချင်း စီအလိုက် ဆွေးနွေးပြီး မတ်လ ၂၀ ရက်နေ့တွင် အတည်ပြုလိုက်ပြီဖြစ်သည်။ ယမန်နေ့က အတည်ပြုလိုက်သည့် အခွန်အကောက်ဥပဒေတွင် အခွန်သက်သာခွင့်အတွက် ပြင်ဆင်ချက်များ မပါရှိဘဲ  အတည်ပြုလိုက်ခြင်းဖြစ်သည်။

လက်ရှိ အတည်ပြုလိုက်သည့် ၂၀၁၈ ပြည်ထောင်စုအခွန်အကောက် ဥပဒေအရ ယခင်နှစ်နည်းတူ လစာဝင်ငွေမှ နှစ်တစ်နှစ်အတွင်း ကျပ်ငွေ ၄၈ သိန်း အထက်ရရှိသူ မည်သူမဆို သတ်မှတ်ထားသည့် အခွန်နှုန်းထားအရ အခွန်ဆောင်ရမည်ဖြစ်သည်။

"လစာဝင်ငွေကတော့ အရင်တုန်းက ၄၈ သိန်းပါ။ ၄၈ သိန်းအထိပဲ ရှိတဲ့သူဆိုရင် အခွန်ပေးစရာမလိုပါဘူး။ ဥပဒေကြမ်းကော်မတီမှာ ပထမ တင်ပြတုန်းကတော့ တစ်နှစ်စာ သိန်း ၆၀ လို့ ပြင်ဆင်လိုက်ပေမယ့် အခုက ၄၈ သိန်းလို့ပဲ ပြန်ပြီး ပြင်ဆင်တာပါ။ တစ်လကို လေးသိန်းဝင်တဲ့သူပေါ့ ၊ အခွန်ဆောင်စရာမလိုဘူးပေါ့။ ဥပဒေကြမ်း ကော်မတီ မှာတုန်းက တစ်လကို ငါးသိန်းဝင်တဲ့သူ အခွန်ဆောင်စရာမလိုဘူးလို့ တင်ပေမယ့် အခု မူရင်းအတိုင်းပဲ လေးသိန်းအတိုင်းပဲ ပြန်ပြောင်းလိုက်တာပါ" ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန်က ဆိုသည်။

ယင်းအပြင် စည်းကြပ်မှုမှ ကင်းလွတ်နေပြီး ဝင်ငွေရလမ်းမဖော်ပြနိုင်သူများအတွက် အခွန်သက်သာခွင့် ပေးမည့် ၃ ရာခိုင်နှုန်း မှ ၅ ရာခိုင်နှုန်းအထိ ကောက်ခံမည့် အစီအစဉ်ကို ဖျက်သိမ်းပြီး ယခု အတည်ပြုလိုက်သည့် ဥပဒေအရ ကျပ်ငွေ သိန်း ၃၀၀ အောက် ဆိုပါက ၁၅ ရာခိုင်နှုန်း ၊ ကျပ်ငွေ သိန်း ၃၀၀ မှ ကျပ်သိန်း ၁၀၀၀ အတွင်း ဆိုပါက ၂၀ ရာခိုင်နှုန်း နှင့် ကျပ်သိန်းတစ်ထောင်နှင့် အထက် ဆိုပါက ဝင်ငွေခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။

"ဒီနှစ်အတွက်က ဒီအတိုင်းဆက်သွားမှာပဲ။ အခွန်လျော့ပေးမယ်ပြောပြီးမှ ပြန်တိုးတာတော့ မဟုတ်ဘူး၊ နဂိုမူလအတိုင်းပဲ ပြန်ဖြစ်သွားတာ" ဟု ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

သို့သော်လည်း အခွန်စည်းကြပ်မှုမှ ကင်းလွတ်နေပြီး ဝင်ငွေရလမ်း မဖော်နိုင်သူများအတွက် အခွန်သက်သာခွင့်ကို သီးခြားဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးရန် စီစဉ်နေသည်ဟု ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မတီက ဆိုသည်။

Most read this week

March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...