ဖာပွန်ခရိုင်အတွင်းရှိ အစိုးရတပ်များ ပြန်လည်ဆုတ်ခွာပေးရန် KNU တောင်းဆို

ဖာပွန်ခရိုင်အတွင်းရှိ အစိုးရတပ်များ ပြန်လည်ဆုတ်ခွာပေးရန် KNU တောင်းဆို
by -
ဇေယျာမော်

ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင် KNU ထိန်းချုပ်နယ်မြေအတွင်း၌ လမ်းဖောက်လုပ်ရန် စေလွှတ်ထားသည့် အစိုးရတပ်များ အား ပြန်လည်ရုပ်သိမ်းပေးရန် ကရင်အမျိုးသားအစည်းအရုံး (KNU) က တောင်းဆိုလိုက်သည်။

မတ်လ ၁၆ ရက်နေ့ရက်စွဲဖြင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကကြေညာချက်တစ်စောင်အား ထုတ်ပြန် ခဲ့ခြင်းဖြစ်ပြီး ယင်းကြေညာချက်ထဲတွင် စစ်ဘေးရှောင်ပြည်သူများ   နေရပ်ပြန်လည်ဝင်ရောက်နေထိုင် နိုင်ရေးအား လုံခြုံမှုပေးရန်လည်း ပါရှိသည်။

ယင်းအပြင် KNU နှင့် တပ်မတော်အကြား စစ်ရေးတင်းမာမှုများကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် စစ်ဘေးရှောင် ပြည်သူများအား လူသားခြင်းစာနာထောက်ထားသည့် အထောက်အကူများ ပေးအပ်ရန် တောင်းဆိုချက် ပါရှိသည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင် လူသောမြို့နယ် ခေးပူ နှင့် လယ်မူပလောရွာအကြား၌ ကားလမ်းဖောက်လုပ်ရန် ဆိုသည့် အကြောင်းပြချက်ဖြင့် မတ်လ ၄ ရက်နေ့မှ စပြီး တပ်မတော်မှ ဝင်ရောက်လာခြင်းဖြစ်သည်။ ယင်းသို့ တပ်မတော်ဘက်မှ KNU ထိန်းချုပ်နယ်မြေအတွင်းသို့ ဝင်ရောက်လာမှုကြောင့် နှစ်ဖက်တပ်ဖွဲ့ွများအကြား တင်းမာမှု ဖြစ်ပွားခဲ့ပြီး ရွာပေါင်း ၁၄ ရွာ ၊ လူဦးရေ ၂၀၀၀ နီးပါး စစ်ရှောင်ခဲ့ရသည်။

ကရင် အမျိုးသားအစည်းအရုံး (KNU) သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်း၌ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုအနေဖြင့် ယုံကြည်မှုတည်ဆောက်ချိန်တွင် တပ်မတော်ဘက်မှ လုပ်ဆောင်ချက်များသည့် NCA သဘောတူညီချက်များအား ချိုးဖောက်နေသည်ဟု KNU က ဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး KNU မှ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ ( JMC-U) အား ကန့်ကွက်ထားသည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...