မွန်လူထုတွေ့ဆုံပွဲ ပြုလုပ်ရန် ညှိနှိုင်းမှု မပြေလည်သေး

မွန်လူထုတွေ့ဆုံပွဲ ပြုလုပ်ရန် ညှိနှိုင်းမှု မပြေလည်သေး
by -
ဇေယျာမော်

မွန်ပြည်သစ်ပါတီက ဦးဆောင်ပြုလုပ်မည့် လူထုတွေ့ဆုံပွဲများအား တပ်မတော်ဘက်မှ လူဦးရေကန့်သတ်သည့် အတွက် တွေ့ဆုံပွဲပြုလုပ်ရန် ညှိနှိုင်းနေမှုများ အဆင်ပြေမှုမရှိသေးဘဲ ရပ်ဆိုင်းနေသည့်အနေအထား အတိုင်းသာ ရှိနေဆဲ ဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာန တာဝန်ခံ နိုင်ဝင်းလှက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

“မပြေသေးဘူးခင်ဗျာ။ မပြေသေးဘူး၊ ရပ်ဆိုင်းနေတဲ့ အနေအထားတိုင်းသာ ရှိနေပါသေးတယ်” ဟု ၄င်းက ဆိုသည်။

ငြိမ်းချမ်းရေးကော်မရှင်မှ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် မွန်လူထုတွေ့ဆုံပွဲပြုလုပ်ရန် အဆင်ပြေသွားပြီ ဆိုသည့် သတင်းများ ထွက်ပေါ်လာနေသော်လည်း တစ်စုံတရာ အကြောင်းကြားစာ မွန်ပြည်သစ်ပါတီဘက်သို့ ရောက်ရှိလာခြင်းမရှိသေးကြောင်း နိုင်ဝင်းလှ၏ ပြောဆိုချက်အရ သိရသည်။

“အဲဒီသတင်းကို ကျွန်တော်တို့လည်း ကြားရတယ်။ ဦးခင်ဇော်ဦးနဲ့ ဦးအောင်စိုးတို့ကြားက ညှိနှိုင်းလို့ အဆင်ပြေသွားပြီ ဆိုတဲ့ သတင်း ကြားရတယ်။ ဒါပေမယ့် အဲ့ဒီလိုကြားရပေမယ့် တကယ်တမ်းကျတော့ ကျွန်တော်တို့ဆီကို အကြောင်းကြားစာ ရောက်မလာဘူးခင်ဗျ” ဟု နိုင်ဝင်းလှက ဆိုသည်။

မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပမီ အကြိုလူထုတွေ့ဆုံပွဲများအား မွန်ပြည်သစ်ပါတီ အခြေစိုက်ရာ နေရာ ၅ခုတွင် လူဦးရေ ၂၀၀ ကျော်ဖြင့် မတ်လ ၁၀ ရက်နေ့မှ ၂၇ ရက်နေ့ အတွင်း ကျင်းပရန် လျာထားခြင်းဖြစ်သည်။

ထိုသို့ လူထုတွေ့ဆုံပွဲများအား လူဦးရေ ၃၀ ထက်မပိုဘဲ ကျင်းပရန် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ဘက်မှ ကန့်သတ်သည့်အတွက်  တွေ့ဆုံပွဲပြုလုပ်ရန် မွန်ပြည်သစ်ပါတီဘက်မှ ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

မွန်ပြည်သစ်ပါတီအနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ လ ၁၃ ရက်နေ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA တွင် လက်မှတ်ရေးထိုးထားသည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့် ရရှိထားပြီးဖြစ်သည်။

မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား မွန်ပြည်နယ် ရေးမြို့တွင် ကျင်းပရန် သဘောတူထားပြီး ဖြစ်သည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...