တအာဝ်းဥပဒေအထောက်အကူအဖွဲ့ တာဝန်ခံ မိုင်းမိုင်းအောင်ကို ရုံးထုတ်စစ်ဆေး

တအာဝ်းဥပဒေအထောက်အကူအဖွဲ့ တာဝန်ခံ မိုင်းမိုင်းအောင်ကို ရုံးထုတ်စစ်ဆေး
by -
ဖနိဒါ

ဖမ်းဆီးထိန်းသိမ်းခံထားရသော ရှမ်းပြည်နယ် လားရှိူးမြို့မှ တအာဝ်း ဥပဒေအထောက်အကူပြုအဖွဲ့ တာဝန်ခံ မိုင်းမျိုးအောင်ကို မတ်လ ၉ ရက်နေ့ မူဆယ်မြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

မိုင်းမျိုးအောင် အပါအဝင် ထွက်ပြေးလွတ်မြောက်နေသူ ၂ ဦးတို့ကို လူသတ်မှုနှင့် လူသတ်မှုကို အားပေးကူညီမှု ပုဒ်မ ၃၀၂၊ ၃၀၇၊ ၁၁၄နှင့် ကားလိုင်စင်မရှိသဖြင့် ပို့ကုန်သွင်းကုန် ပုဒ်မ ၈ တို့ဖြင့် တရားစွဲဆိုထားပြီး ယနေ့တွင် တရားလိုပြ သက်သေတစ်ဦးကို စစ်ဆေးခဲ့သည်ဟု အမှုအားလိုက်ပါ ဆောင်ရွက်ပေးနေသူ တရားလွတ်တော် ရှေ့နေ ဦးဝင်းမြင့်အောင်က ပြောသည်။

“ဒီနေ့ စစ်တာက ပို့ကုန်သွင်းကုန် ပုဒ်မနဲ့ ပတ်သက်လို့ တရားလိုပြသက်သေ တစ်ဦးကို စစ်တယ်။ ပို့ကုန် သွင်းကုန် ပုဒ်မနဲ့စွဲထားတဲ့အမှုမှာ တရားလို ၇ ယောက်မှာ ဒီနေ့ တယောက်လာတယ်။ ရှာဖွေသက်သေ ဦးအိုက်ဆာတဲ့။ သူက ရဲစခန်းက ခေါ်လို့ လက်မှတ်ထိုးပေးလိုက်ရတယ်တဲ့ တရားခံလည်း မမြင်ဖူးဘူးဆိုပြီး ထွက်ဆိုတယ်”ဟု  တရားလွတ်တော် ရှေ့နေ ဦးဝင်းမြင့်အောင်က ပြောသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က ရှမ်းပြည်နယ် မူဆယ်မြို့ ကောင်းမူတုန်ရပ်ကွက်ရှိ လောင်းကစားရုံး လုံခြုံရေး ပြည်သူ့စစ်နှင့် သေနတ်ကိုင်ဆောင်သူ တရားခံတို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှ ပြည်သူ့စစ် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မိုင်းမျိုးအောင် မူဆယ်မြို့တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

လူသတ်မှုနှင့် လူသတ်မှုကို အားပေးကူညီမှု ပုဒ်မတို့ဖြင့် တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ တရားလိုပြ သက်သေ ပြည်သူ့စစ် ၂ ဦးကို စစ်ဆေးရန် စစ်သော်လည်း ၄င်းတို့မှာ ခရီးလွန်နေသည်ဟုဆိုကာ စစ်ဆေးခြင်း မလုပ်နိုင်သေးကြောင်း သူက ပြောသည်။

မိုင်းမျိုးအောင်အား တရားစွဲဆိုထားသော ၂ မှုမှ လူသတ်မှုနှင့် လူသတ်မှုကို အားပေးကူညီမှု ပုဒ်မ ၃၀၂၊ ၃၀၇၊ ၁၁၄ အမှုကို ကူညီဆောင်ရွက်ပေးရန် တရားလွတ်တော်ရှေ့နေ ဦးသိန်းဦးကို ရှေ့နေပါဝါ ရရှိခဲ့သည်ဟု သူက ပြောသည်။

မိုင်းမျိုးအောင် လွတ်မြောက်ရေးအတွက် ကြိုးပမ်းသွားမည် ဖြစ်ပြီး တရားလွတ်တော်ရှေ့နေ ဦးသိန်းဦး၊ ဦးဝင်းမြင့်အောင်နှင့် ရှေ့နေ နိုင်နိုင်ထွန်းတို့ ၃ ဦး လိုက်ပါ ကူညီဆောင်ရွက်ပေးနေသည်ဟု ရှေ့နေ ဝင်းမြင့်အောင်က ပြောသည်။ 

“မိုင်းမျိုးအောင် လွတ်မြောက်ဖို့အတွက် သူက ဖမ်းဆီးခံရတုန်းက အခင်းဖြစ်တဲ့နေရာမှာ မရှိတဲ့အတွက်  ဥပဒေအခွင့်အရေးအရ ကြိုးပမ်းသွားမှာပါ” ဟု ရှေ့နေ ဝင်းမြင့်အောင်က  ပြောသည်။ 

မိုင်းမျိုးအောင်နှင့်အတူ တရားစွဲခံထားရသူ ၂ ဦးကိုလည်း တရားခံပြေးအဖြစ် ဝရမ်းထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။ 

မိုင်းမျိုးအောင်သည် ၂၀၁၇ ခုနှစ်က တအာဝ်းဥပဒေအထောက်အကူပြုအဖွဲ့ကို ဖွဲ့စည်းကာ ရှေ့နေလိုင်စင် ကိုင်ဆောင်ထားသော ရှေ့နေ တစ်ဦး ဖြစ်ပြီး အခက်အခဲနှင့် ငွေကြေး မတတ်နိုင်သော ပြည်သူများကို ဥပဒေအရ ကူညီပေးနေသူ ဖြစ်သည်။

ထို့ပြင် တအာဝ်းကျောင်းသားနှင့် လူငယ်များအဖွဲ့ အစည်းတွင်လည်း တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပြီး ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် ပညာရေး၊ ဥပဒေ အထောက်အကူပြု ပရဟိတ လုပ်ငန်းများ ဆောင်ရွက်နေသူ တစ်ဦး ဖြစ်သည်။

မိုင်းမျိုးအောင်သည် ယနေ့ ရုံးချိန်းသို့ ရောက်ရှိလာကာ ကျန်းမာရေးကောင်းမွန်နေသည်ဟု သိရပြီး လာမည့် မတ်လ ၁၆ ရက်နေ့တွင် ရုံးချိန်းပေးထားသည်ဟု ရှေ့နေ ဝင်းမြင့်အောင်က ပြောသည်။ 

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...