ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး အမျိုးသမီးများ၏ စွမ်းအားများ အပြည့်အဝ ထုတ်သုံးရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး အမျိုးသမီးများ၏ စွမ်းအားများ အပြည့်အဝ ထုတ်သုံးရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း
by -
အောင်မြတ်သူ

မြန်မာနိုင်ငံ၏ လူဦးရေ၏ ထက်ဝက်ကျော်ရှိသော အမျိုးသမီးများအနေဖြင့် ငြိမ်းချမ်းသာယာသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် အမျိုးသမီးများ၏စွမ်းအားများလည်း လိုအပ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်သည်။

“နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး ကဏ္ဍစုံမှာ အမျိုးသမီးတွေရဲ့ စွမ်းအားကို အပြည့်အဝဖော််ထုတ် သုံးချနိုင်ဖို့အတွက်၊ ပြည်ထောင်စုမျှော်မှန်းချက်တွေ ပြည့်ဝအောင်နိုင်ရေးတို့ကို ကြိုးပမ်းရာမှာ တစ်ဦးချင်း၊ တစ်ဦးချင်းစီရဲ့ ဒီမိုကရေစီ စိတ်ဓာတ်နဲ့ ဒီမိုကရေစီအလေ့အကျင့်ကို အရင်းခံပြီးတော့ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်မှု၊ လေးစားယုံကြည်မှု ချစ်ခင်ကြင်နာမှု များစုပေါင်းပါဝင် သွားနိုင်ဖို့အတွက် လုပ်ပေးစေချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့သည်။

မတ်လ ၈ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီက ဦးစီးကျင်းပသော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားအဖွင့်မိန့်ခွန်းတွင်  ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ NLD အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ပြန်လည် ဖွဲ့စည်းခဲ့ပြီး နောက်တွင် တစ်နိုင်ငံလုံးရှိ ကျေးလက်ဒေသများပါမကျန် အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက် နိုင်ရန် တိုင်းဒေသကြီးပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် အမျိုးသမီးကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကော်မတီများသည် အမျိုးသမီးများ ဘဝလုံခြုံရေးနှင့် ဘက်စုံဖွံ့ဖြိုးမှု တိုးတက်ရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များပြည့်မှီရေးကို မူဝါဒများ၊ နည်းဗျူဟာများ၊လုပ်ငန်းအစီစဉ်များ၊ ရှေ့လုပ်ငန်းစဉ်များချကာ ဆောင်ရွက်သွားမည် ဖြစ်သည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပုခက်လွှဲသောလက်များသည် ကမ္ဘာကိုလွှမ်းမိုးရုံတင် မကဘဲ ကမ္ဘာကိုပင့်မထားနိုင်အောင် သားသမီးများ ကို ရင်ခွင်ထဲရှိစဉ်ကတည်းက သင်ကြားပေးခြင်းအားဖြင့် ကမ္ဘာကြီးထဲတွင်ကောင်းသော တန်ဖိုးများပွားများလာနိုင်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

“သားနဲ့သမီးတွေ အားလုံးကြိုးစားနိုင်ဖို့ အများအတွက် စဉ်းစားနိုင်တဲ့ စိတ်ဓာတ်တွေ သွင်းပေးပါ။ ဒီမှန်ကန်တဲ့ တန်ဖိုးထားတွေကို ကျွန်မတို့ သားသမီးတွေရဲ့ ခေါင်းထဲမှာ ငယ်ငယ်ကတည်းက နှလုံးသားထဲမှာ ခေါင်းထဲမှာသွင်းလိုက်ပြီဆိုလို့ရှိရင် တစ်သက်လုံးအတွက် စိတ်ချရပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ သည်။

ယခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့၏ ဆောင်ပုဒ်သည် “အမျိုးသမီးများဘဝ မြှင့်တင်ဖို့ ကျေးလက်နှင့်မြို့ပြ တက်ကြွလှုပ်ရှားသူများ ပူးပေါင်းလို့ ယခုပင်ကြိုးပမ်းကြပါစို့” ဟု ဖြစ်ပြီး မြန်မာနိုင်ငံ (GDP) ၏(၃၀) ရာခိုင်နှုန်းသည် လယ်ယာကဏ္ဍမှ ဖြစ်နေသည့်အပြင် နိုင်ငံလူဦးရေ (၇၀)ရာခိုင်နှုန်းလောက်သည် ကျေးလက်နေပြည်သူများဖြစ်သောကြောင့် ကျေးလက်နေအမျိုးသမီးထုက အရေးကြီးသည့်အတွက် အစိုးရအနေဖြင့် အဆိုပါ အမျိုးသမီးများ၏ အခွင့်အရေးများ၊ အရည်အချင်းမြှင့်တင်ရေးကို အထူးအလေးပေးဖို့လိုကြောင်း ဆက်လက်ပြောကြားခဲ့သည်။

Most read this week

March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...