ရိဒ်ခေါဒါရ် နယ်စပ်တံတား၌ ကွမ်းသီးနှင့် မြေသြဇာတင်ယာဉ်များ ဖြတ်သန်းခွင့်မပြုခြင်းကြောင့် ကုန်သည်များ အခက်ကြုံ

ရိဒ်ခေါဒါရ် နယ်စပ်တံတား၌ ကွမ်းသီးနှင့် မြေသြဇာတင်ယာဉ်များ ဖြတ်သန်းခွင့်မပြုခြင်းကြောင့် ကုန်သည်များ အခက်ကြုံ

ဖေဖော်ဝါရီလ (၂၂) ကတည်းက ကုန်တင်ယဉ်ကြီးများ၏ နယ်စပ် တံတားရှောင်လမ်းကို ပိတ်ခဲ့ပြီးနောက် တံတားအပေါ်၌လည်း ကွမ်းသီးနှင့် မြေသြဇာတင်ယာဉ်များ သွားလာခွင့်မရခြင်းကြောင့် နှစ်ဖက်နိုင်ငံမှ ကွမ်းသီးနှင့် မြေသြဇာ ကုန်သည်များ အခက်ကြုံနေကြောင်းသိရသည်။

ကုန်သွယ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးဗျက်ကျင်က “ အခုကကွမ်းသီးနဲ့ မြေသြဇာတင်တဲ့ကားတွေကို တံတားကို ဖြတ်သွားခွင့်မပေးဘူး။ တံတားလည်းဟောင်းနေတော့ ကုန်ပစ္စည်းတန်ချိန်များလို့ ပေးမတင်တာပေါ့။ အရင်ကတော့ တံတားလွှဲချောင်းဖြတ်တဲ့လမ်းကနေ တိုက်ရိုက်သွားလို့ရတော့ ကုန်စီးဆင်းမှုက မြန်တာပေါ့။ အခုအဲဒီလမ်းကို သွားခွင့်မပြုဘူး။ တံတားပေါ်လည်း သွားခွင့်ကမပေးတော့ အခု မြန်မာဖက်နယ်စပ်မှာက အိန္ဒိယကိုပို့မယ့် ကွမ်းသီးတွေပုံနေတယ်။ မြန်မာဖက်ကို လာမယ့် မြေသြဇာအိတ်တွေကလည်း သူတို့နိုင်ငံဖက်မှာ ပုံနေပြီ” ဟုပြောသည်။

ယခင်ကလဆန်းပိုင်းက မြန်မာနိုင်ငံဖက်ခြမ်းမှ ရဲများကို အိန္ဒိယဖက်မှ လာရောက်ဖမ်းစီးပြီး မြန်မာအစိုးရဖက်မှ သိမ်းဆည်းမိသည် မော်တော်ယဉ်များကို ပြန်လည်လုယူသွားခဲ့သည့်အတွက် အဆိုပါဖြစ်ရပ်ကြောင့် တံတားမှလွဲပြီး မည်သည့်လမ်းမှ သွားခွင့်မပေးတော့တာမျိုးဖြစ်နိုင်ကြောင်း သူကဆက်ပြောသည်။

ချင်းပြည်နယ်နယ်စပ်ရေးနှင့်လုံခြုံရေးဝန်ကြီးက “ တံတားရှောင်လမ်းကိုတော့ ပြည်ထောင်စုအဆင့်ကနေ ပိတ်ဖို့စာထွက်ထားတာဖြစ်တယ်။ တံတားပေါ်ကနေတော့ ဘယ်ကုန်မဆိုသယ်ဆောင်လို့ရပါတယ်။ အဓိက တံတားရဲ့ ခံနိုင်ဝန်နဲ့ အကျုံးဝင်တဲ့ ဘယ်ကုန်မဆိုသယ်လို့ရပါတယ်။ တံတား ဖြတ်သန်းခွင့်နဲ့ပတ်သက်ပြီးတော့ မြန်မာဖက်ခြမ်းကနေ ဘာမှပိတ်ထားတာ မရှိပါဘူး” ဟုပြောသည်။

ဦးဗျက်ကျင်က “ ဟိုဖက်ကုန်သည်တွေနဲ့ညှိပြီး တံတားပေါ် ဖြတ်သန်းခွင့်ရတဲ့ ပမာဏနဲ့ပဲ တစ်ဖက်နဲ့တစ်ဖက် ကုန်သည်ဖို့ လုပ်ရတော့မှာပေါ့။ ဒီအတိုင်း နယ်စပ်မှာ ပုံနေတာထက်စာရင် တံတားရဲ့ ခွင့်ပြုဝန်နဲ့ပဲ နည်းနည်းဆီ သယ်ရတော့မှာပေါ့” ဟုပြောသည်။

ချင်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးယိုက “ ကျွန်တော်တို့ကတော့ နယ်စပ်မှာ ကုန်တင်ပို့တာတွေ အမြဲပုံမှန်ဖြစ်စေချင်တာပေါ့။ အခုဟာကလည်း မြန်မာဖက်ခြမ်းကနေ တံတားဖြတ်သန်းခွင့်မပေးတာမဟုတ်ပဲနဲ့ အိန္ဒိယဖက်က မပေးတာဖြစ်မယ်။ နယ်စပ်ကိစ္စတွေက ဗဟိုအဆင့်ထိပါ ဖြေရှင်းရတဲ့ ကိစ္စဆိုတော့ မလွယ်ဘူး။  ဒါပေမယ့် အခက်ကြုံနေတဲ့ ကုန်သည်တွေက ဘယ်လိုအခက်ကြုံသလဲဆိုတာကို အဆင့်ဆင့် တင်လာရင်တော့ ကျွန်တော်တို့လည်း ဗဟိုဖက်ကို ပြန်တင်ပေးလို့တော့ရတယ်” ဟုပြောသည်။

ယခင်က တံတားရှောင်လမ်းဖြစ်သည့် ချောင်းကိုဖြတ်သည့်လမ်းဖြင့် ကုန်ပို့စဉ်က နေ့စဉ် မြန်မာနိုင်ငံဖက်မှ ကွမ်းသီး အိတ်ပေါင်း ၂၀၀၀ နှင့် ၂၅၀၀ ကြား ပို့လေ့ရှိကြောင်းသိရသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...