ကလေးမြို့တွင်ကျင်းပသည့် ချင်းလူငယ်ညီလာခံမှ Center Chin Youth Organization ဖွဲ့စည်း

ကလေးမြို့တွင်ကျင်းပသည့် ချင်းလူငယ်ညီလာခံမှ Center Chin Youth Organization ဖွဲ့စည်း

Chin Center for Peace and Reconciliation (CCPR) မှကမကထပြုလုပ်ပြီး ကလေးမြို့ GBH ဟိုတယ်တွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပသည့် ချင်းလူငယ်ညီလာခံမှ Center Chin Youth Organization ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

အဆိုပါညီလာခံတွင် ချင်းပြည်နယ်အတွင်းရှိ လူငယ်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီး မိမိဒေသအလိုက် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ စိန်ခေါ်မှုများကို လည်းဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

ဖွဲ့စည်းလိုက်သည့် Center Chin Youth Organization တွင် ဥက္ကဌအဖြစ် မတူပီလူငယ်အဖွဲ့ ဥက္ကဌ Salai An No Bik, ဒု – ဥက္ကဌ (၁) အဖြစ် ကန်ပက်လက်လူငယ်အဖွဲ့မှ ဆလိုင်းထန်းလွန်း၊ ဒု – ဥက္ကဌ (၂) အဖြစ် ဟားခါးလူငယ်အဖွဲ့မှ မိုင်ငွန်မဲန်၊ အတွင်းရေးမှုးအဖြစ် မင်းတပ်လူငယ်အဖွဲ့ မှ ဆလိုင်းကီးဟုန်း၊ တွဲဖက်အတွင်းရေးမှုး (၁) အဖြစ် တွန်းဇံလူငယ်အဖွဲ့မှ ဟောင်လျန်စုမ်၊ တွဲဖက်အတွင်းရေးမှုး (၂) အဖြစ် ထာဒိုလူငယ်အဖွဲ့မှ ခမ်လျန်ဆန်၊ ဘဏ္ဍာရေးမှုးများအဖြစ် ကလေးလူငယ်အဖွဲ့မှ ဘွေနေးဆုန်၊ Hualngo လူငယ်အဖွဲ့မှ ဒိကာ၊ ပလက်ဝလူငယ်အဖွဲ့မှ အောင်စိုးတို့ဖြစ်ကြသည်။

Salai An No Bik က “ ကျွန်တော်တို့ကတော့ ဒေသတွင်း သစ်ကိစ္စတွေ၊ ပွဲလမ်းသဘင်တွေမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျင်းပနိုင်ဖို့ လုံခြုံရေးဆောင်ရွက်တာပေးတာတွေစသဖြင့် တတ်နိုင်သလောက် ကိုယ့်ဒေသမှ လုပ်ဆောင်ဖို့ဖြစ်ပါတယ်” ဟုပြောသည်။

ကလေးမြို့တွင် ကျင်းပသည့် လူငယ် ညီလာခံ၌ ချင်းလူငယ်အားလုံးကို ကိုယ်စားမပြုသည့်အတွက် အသိအမှတ်မပြုကြောင်းနှင့် ညီလာခံသို့ မတက်ရောက်နိုင်ကြောင်း ပွဲစီစဉ်သူများထံ စာပေးပို့မှုများလည်းရှိကြောင်းသိရသည်။

ဒု-ဥက္ကဌအဖြစ်ရွေးချယ်ခြင်းခံရသည့် ကန်ပက်လက်လူငယ်အဖွဲ့မှ ဆလိုင်းထန်းလွန်းက “ ကိုယ်စားမပြုဘူးလို့ ပြောတဲ့အဖွဲ့တွေကတော့ ဘယ်အဖွဲ့အစည်းပဲလုပ်လုပ် ကိုယ်စားမပြုဘူးချည်းပဲပြောကြမှာပါ။ ကျွန်တော်တို့က အားလုံးကိုယ်စားပြုဖို့ စခြေလှမ်းတာဖြစ်တယ်။ ကျွန်တော်က ပြည်ထောင်စုအဆင့် လူငယ်မူဝါဒရေးဆွဲရေးကော်မတီမှာ ပါဝင်ခဲ့ပေမယ့် အဲဒီဟာက အခုမရှိတော့တဲ့အတွက် အခုဟာနဲ့တော့ သီးသန့်ဖြစ်ပါတယ်” ဟုပြောသည်။

အတွင်းရေးမှုး ဆလိုင်းကီးဟုန်းကလည်း “ အမှန်တော့ ချင်းမှာက ဘယ်လိုအဖွဲ့အစည်းလုပ်လုပ် အားလုံးကို ကိုယ်စားပြုနိုင်ဖို့ဆိုတာမလွယ်ဘူး။ ချင်းလူငယ်တွေလည်း အဖွဲ့တွေ၊ ကွန်ယက်တွေအများကြီးလည်းရှိတယ်။ အဓိကတော့ ကျွန်တော်တို့ပူးပေါင်းနိုင်တာပူးပေါင်းပြီး အတူလုပ်ဖို့အရေးကြီးတာဖြစ်တယ်” ဟုပြောသည်။

အဆိုပါအဖွဲ့အစည်းအနေဖြင့် အဓိကအားဖြင့် ဒေသအတွင်းမူးယစ်ဆေးဝါးပြသနာများ၊ သဘာဝပတ်ဝန်းကျင်အခြေအနေများ၊ လူငယ်အချင်းချင်း ကွန်ယက်ချိတ်ဆက်မှုဆိုင်ရာများ၊ လူငယ်များအား ကျန်းမာရေး၊ အားကစားများတွင် ထောက်ပံ့နိုင်ရေးကိစ္စများ၊ ဒေသအတွင်း လုံခြုံရေးဆိုင်ရာပူးပေါင်းမှုများကို အဓိကဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ညီလာခံအတွင်း ဒေသအသီးသီးမှ ကျောင်းသားအဖွဲ့အစည်းများအပါအဝင် လူငယ်အဖွဲ့ပေါင်း ၁၉ ဖွဲ့မှ လူ ၇၀ ဝန်းကျင်တက်ရောက်နိုင်ခဲ့ကြောင်းသိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...