NLD အစိုးရ၏ အဂတိလိုက်စားမှုကိုတိုက်ဖျက်မည်ဟု ပြောကြားခဲ့မှုများသည် လက်တွေ့မကျဟု ချင်း USDP ဥက္ကဌဆို

NLD အစိုးရ၏ အဂတိလိုက်စားမှုကိုတိုက်ဖျက်မည်ဟု ပြောကြားခဲ့မှုများသည် လက်တွေ့မကျဟု ချင်း USDP ဥက္ကဌဆို

NLD အစိုးရတက်လာပြီးနောက် ချင်းပြည်နယ်တွင် အဂတိလိုက်စားမှုကို ထိရောက်စွာအရေး ယူမည်ဟု ဆိုခဲ့သော်လည်း လက်တွေ့တွင် ထိထိရောက်ရောက် အရေးယူမှုမရှိကြောင်း ချင်းပြည်နယ် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဒေါက်တာ မူထန်းက ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် ပြောကြားခဲ့သည်။

ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဒေါက်တာ မူထန်က “အရင်အစိုးရက လက်ပေးလက်ယူများလွန်းတယ်၊ လက်ပေးလက်ယူကို ကျွန်တော်တို့တိုက်ဖျက်မယ်လို့ ပြောကြတယ်၊ ကျွန်တော်စိတ်ထဲကနေတော့ ရယ်ချင်တယ်၊ လက်ပေးလက်ယူဆိုတာ တိတ်တိတ် လေးနဲ့ လုပ်ရတာ၊ သူများမြင်အောင် ပေးတာမဟုတ်ဘူး၊ ကျွန်တော်ဖြစ်စေချင်တာကတော့ အဲဒါကို လိုက်ပြောနေစရာမလိုဘူး။ မပြောပဲ အရေးယူပါစေ၊ အလုပ်ထုတ်ပါစေ၊ အခုက ပြောသာပြောကြပြီး တစ်ခုမှ အရေးမယူကြဘူး” ဟုပြောသည်။

ဆက်ပြီး ဒေါက်တာ မူထန်းက “ဦးသိန်းစိန် အစိုးရလက်ထက်က ကျောင်းဆရာ/မ ခန့်ဖို့ တစ်ပြားမှ ငွေပေးစရာမလိုဘူး၊ အခုကတော့ ကျောင်းဆရာ/မ ခန့်ပေးဖို့ သိန်း ၃၀-၄၀ နီးပါးပေးရတယ် ဆိုတာကျွန်တော်တို့ကြားသိရတယ်၊ ကျွန်တော်ကိုယ်တိုင်မသိလို့ မေးလို့လည်းမကောင်းဘူး၊ အခုအပြင်မှာပြောနေကြတာက ဦးသိန်းစိန်အစိုးရတုန်းက ဦးဟုန်းငိုင်းလက်ထက် လက်ပေးလက်ယူ ပိုများနေတယ်ဟု ပြည်သူတွေက သုံးသပ်နေကြတယ်” ဟု ပြောသည်။

အဆိုပါ အကြောင်းနဲ့ ပတ်သက်၍ ချင်းပြည်နယ် လွှတ်တော်ဒု-ဥက္ကဌ ဦး အောင်သန်းက လည်း ချင်းပြည်နယ်အစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်အပေါ် လုံးဝအားမရကြောင်း ဖေဖေါ်ဝါရီလ(၁၆) ရက်နေ့တွင်ပြောကြားခဲ့သည်။

ဦးအောင်သန်းကပြောကြားရာတွင် လာဘ်ပေးလာဘ်ယူ မည်သည့်နေရာတွင် ရှိနေမည်မှာ စဉ်စားလျှင်ပင် သိနိုင်ကြောင်း၊ ဥပမာ ဝန်ထမ်းခန့်ထားရေး၊ တင်ဒါကိစ္စများ၊ ဝန်ထမ်း အပြောင်းအ ရွှေ့များတွင် အဓိကရှိနေသည်မှာ သိသာသည့်နေရာများဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစိုးရသစ်တက်လာပြီး ပထမသက်တမ်းပြီးဆုံးခါနီးတွင်လည်း ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် လာဘ်ပေးလာဘ်ယူမှုအများဆုံးဟု ချင်းပြည်နယ် လွှတ်တော်ဥက္ကဌမှ မီဒီယာထံပြောကြားမှုအပေါ် ချင်းပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းအိုင်ဇက်ခင်က အဆိုပါစာရင်း၏ ခုနှစ်သည် လွန်ခဲ့သည့် အစိုးရသက်တမ်းအတွင်းဖြစ်ကြောင်း၊ လာဘ်ပေးလာဘ်ယူမှုကို မည်သည့် စာရင်းအပေါ် အခြေခံပြီး ပြောကြားခြင်းကို နားမလည်ကြောင်း၊ အတိိအကျသာ ဖော်ပြရန် မီဒီယာ များ၏ မေးမြန်းမှုအပေါ် ပြန်လည်တုံ့ပြန်ခဲ့သည်။

လာဘ်ပေးလာဘ်ယူကိစ္စသည် နှစ်ဦးနှစ်ဖက် သဘောတူ၍ တိတ်တခိုးပေးခြင်းဖြစ်သဖြင့် စာရင်းအတိအကျဖြင့်ဖော်ထုတ်နိုင်ရန်မှာ မလွယ်ကူနိုင်ကြောင်း ပြည်သူအချို့က လည်းသုံးသပ်ကြ သည်။

NLD အစိုးရသည် ရွေးကောက်ပွဲ စည်းရုံးရေးကာလများ၌ အဂတိလိုက်စားမှုကို တိုက်ဖျက်သွား မည်ဆိုသည့် ပြောဆိုမှုကို တွင်ကျယ်စွာပြောကြား စည်းရုံးရေးပြုလုပ်ခဲ့သည့် ပါတီဖြစ်သည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...