၁၉၂ ကြိမ်မြောက် ကျုံဒိုးမြို့နယ်လုံးကျွတ် ကရင်ရိုးရာ မီးပုံပွဲတော်ကြီး စည်ကားစွာ ကျင်းပမည်

၁၉၂ ကြိမ်မြောက် ကျုံဒိုးမြို့နယ်လုံးကျွတ် ကရင်ရိုးရာ မီးပုံပွဲတော်ကြီး စည်ကားစွာ ကျင်းပမည်
by -
စောရှား

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံးဒိုမြို့နယ်လုံးဆိုင်ရာ ၁၉၂ ကြိမ် ကရင်ရိုးရာ မီးပုံပွဲတော်ကြီးကို ကျုံဒိုး မြို့ပေါ်ရှိ၊ ဓမ္မသုခဘုန်းကြီးကျောင်းဝင်း၌ ဇန်နဝါရီ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့အထိ စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဟု ပွဲကျင်းပရေးတာဝန်ရှိသူများက ယနေ့(ဇန်နဝါရီ ၂၃ ရက်)တွင် ကေအိုင်စီသို့ ပြောသည်။

ကျုံဒိုး မီးပုံံပွဲ၏ ကရင်အယူအဆမှာ ကရင်စကားဖြင့် (ဍွဲအုဂ်ဒါန်. - ဒွဲ့အောင်ဒယောင်) သေဆုံးသောသူ အလှူဒါန ပြုလုပ်သည်ဟု အဓိပ္ပါယ် ဖွင့်ဆိုကာ မကောင်းတဲ့အရာမှန်သမျှ ကျွတ်လွတ်စေချင်၍ အမွှေးနံ့သာ များဖြင့် လာရောက် ဆုတောင်းပြီး မီးရှို့လိုက်ခြင်းဖြစ်သည်ဟု ပွဲဦးဆောင်သူများက ပြောသည်။  

ပွဲကျင်းပရေး ဗဟိုကော်မတီ အတွင်းရေးမှူး စောနှစ်လုံးဆွေက “မီးပုံပွဲက ရိုးရာနဲ့ ယဉ်ကျေးမှုကို ပေါင်းစပ်ပြီး လုပ်တဲ့ပွဲပေါ့။ ကရင့်ရိုးရာ မီးပုံပွဲ ပူဇော်ပွဲမှာ ကရင့်ရိုးရာယဉ်ကျေးမှုတွေ ဆက်လက်ရှင်သန် တိုးတက်ဖို့အတွက် ရည်ရွယ်တာပေါ့”ဟု ပြောသည်။

ယင်းမီးပုံပွဲသည် မီးပုံကြီးဖြစ်လာရန်အတွက် အနယ်နယ်အရပ်ရပ် ရွာပေါင်း ၁၀၀ ကျော်မှ မီးခုံတိုင်အဖြစ် ဝါးကိုမယူဘဲ သစ်များကိုသာ ယူပြီး နနွင်း၊ နှမ်းဆီများနှင့် သုတ်လိမ်း၍ ရှို့မည့်နေရာများတွင် စုပေါင်း စိုက်ထူ ကာ တပို့တွဲ လပြည့်(ယခုနှစ် ဇန်နဝါရီ ၃၁ ရက်) မနက် ၄ နာရီအချိန်တွင် စုပေါင်း မီးရှို့ခြင်းဖြစ်သည်။

ရုံးရာမီးပုံပွဲ၏ ပွဲတော်အဖွင့် ဆိုင်းဘုတ်နှင့် ဒုံးစင်မြင့်နောက်ခံတွင် ဗမာဘာသာစကား တစ်မျိုး တည်းသာ ထည့်သွင်းရေးသားဦးမည့်အပေါ် ဒေသခံများ၏ ဆန္ဒအရ ကရင်ရိုးရာပွဲတွင် ကရင်စာပေလည်း ထည့်သွင်း ရေးသားရန် လိုအပ်ကြောင်း ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း (ကော့ကရိတ်မြို့နယ်)  အတွင်းရေးမှူး စောအဲထီသိုဝ်က ပြောသည်။

စောအဲထီသိုဝ်က “ကရင်စာပါ ထည့်နိုင်ဖို့ ကျနော်တို့ အဆိုတင်သွင်းထားပါတယ်။ လိုအပ်တဲ့ စာပေ ဝေါဟာရ ရေးထုံးတွေလည်း ကျနော်တို့ အကုန်ကူညီနိုင်ပါတယ်။ ဒါပေမယ့် နောက်ခံ စာဒီဇိုင်းတွေ ရေးဆွဲဖို့ ကျနော် တို့ကို တာဝန်ပေးတာမဟုတ်တဲ့အတွက် ထဲထဲဝင်ဝင် လုပ်ကိုင်ဖို့လည်း ခက်ခဲပါတယ်” ဟုပြောသည်။

အဆိုပါ စာပေရေးသားခြင်းနှင့် ပတ်သက်၍ ပွဲစီစဉ်သူများက ပွဲကျင်းပရေး ဗဟိုကော်မတီဝင်များနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီဝင်များအား ပြန်လည်တိုင်ပင်မည်ဖြစ်ပြီး ကရင်စာပေလည်း ပါရှိနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောသည်။  

ယခုနှစ် မီးပုံပွဲတော်ကြီးတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်အပြင် ပလောင်နှင့် ကချင်ပြည်နယ်ရှိ တိုင်းရင်းသားများကိုပါ ဖိတ်ခေါ်ထားပြီး ကရင်ပြည်နယ် မြို့နယ်များရှိ ဒုံးအဖွဲ့များမှ ယှဉ်ပြိုင်မည့် ဒုံးအကပြိုင်ပွဲ၊ ရိုးရာ လက်ဝှေ့ပွဲ၊ ကရင်/ဗမာ ဇာတ်သဘင်နှင့် ခေတ်ပေါ် တေးဂီတဖျော်ဖြေပွဲများ ထည့်သွင်းပြုလုပ်သွားမည်ဟု ပွဲကျင်းပရေး ဗဟိုကော်မတီ အတွင်းရေးမှူး စောနှစ်လုံးဆွေက ပြောသည်။

ကရင့်ရိုးရာ မီးပုံပွဲတော်ကို ကျုံဒိုးမြို့နယ်သာမက ဝင်းရော်ဒေသ၊ ခလယ်ရွာ အပြင် ကရင်ပြည်နယ်၊ မွန်ပြည်နယ် အတွင်းရှိ ကရင်လူမျိုးများနေထိုင်ရာဒေသတွင်လည်း နှစ်စဉ် တပို့တွဲလပြည်နေ့တွင် ပြုလုပ်လေ့ရှိကြောင်း သိရသည်။

 

Photo: CJ
April 3, 2026
မြဝတီ-ကော့ကရိတ်-ဖားအံသို့ သွားလာ၍ရသည့် တောင်ပေါ်လမ်းမတက်ခင်နေရာကို ဧပြီ ၂ ရက်နေ့တွင် စစ်အုပ်စုက...
Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...
April 1, 2026
တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊...