ဖလမ်းမြို့နှင့်ဟားခါးမြို့များတွင် အစိုးရအကောင်အထည်ဖော်မည့် မြို့ပြစီမံကိန်းအသစ်ကို မကျေနပ်တဲ့အတွက် မြေပိုင်ရှင်တွေက ဆန္ဒထုတ်ဖော်ခဲ့သော်လည်း စီမံကိန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်စည်ပင်ညွှန်ကြားရေးမှုး ဦးထလာဟရဲကပြောသည်။
ဦးထလာဟရဲက “ ဆန္ဒဖော်ထုတ်ခဲ့သူတွေလည်း သူတို့လွတ်လပ်ခွင့်နဲ့ ဆန္ဒဖော်ထုတ်တယ်။ အခုမြို့ပြစီမံကိန်း အတွက်က နေပြည်တော်မှာ နောက်ဆုံးအဆင့်ရောက်နေပြီ။ လွှတ်တော်ကလည်း အတည်ပြုထားပြီ။ကျွန်တော်တို့ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်။ ဆန္ဒပြတဲ့သူတွေအနေနဲ့ စီမံကိန်းဧရိယာမှာ မြေပိုင်တဲ့သူတွေ ဆိုရင် အဲဒီစီမံကိန်းအသစ်နေရာမှာ သူတို့မြေကိုပြန်ရမှာဖြစ်တယ်” ဟုဦးထလာဟရဲက ပြောသည်။
မြို့ပြစီမံကိန်းချဲ့ခြင်းကို မကျေနပ်သည့်အတွက် ဟားခါးမြို့၌ ဒီဇင်ဘာလ ၁၁ ရက်နေ့က ဆန္ဒဖော် ထုတ်ခဲ့ကြသကဲ့သို့ ဖလမ်းမြိို့၌လည်း နိုဝင်ဘာလ ၂ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
ယနေ့အချိန်ထိ ချင်းတောင်ဒေသအနှံ့တွင် ဘိုးဘွးပိုင်နယ်မြေကိစ္စနှင့် အငြင်းပွားမှုများရှိနေပြီး ဒေသခံများအနေဖြင့် ဘိုးဘွားပိုင်နယ်မြေများတွင် အစိုးရမှ စီမံကိန်းများဆောင်ရွက်လာမှုပေါ် ဆန္ဒထုတ်ဖော်မှု နှစ်လအတွင်း နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။







