ခေါဇာကရွာသား၂ဦးသေနတ် ပစ်သတ်ခံရသည့်ကိစ္စ ၆လကြာကြာသည်အထိ ထူးခြားမှုမရှိ

ခေါဇာကရွာသား၂ဦးသေနတ် ပစ်သတ်ခံရသည့်ကိစ္စ ၆လကြာကြာသည်အထိ ထူးခြားမှုမရှိ
by -
သံလွင်တိုင်းမ်
ခေါဇာမြို့နယ်ခွဲရှိ မန်းကျည်းချောင်းဝရွာသား၂ဦးသေနတ် ပစ်သတ်ခံရသည့် အမှုကိစ္စနှင့်ပတ်သက်ပြီး၆လကြာသွားသော်လည်းတစုံတရာထူးခြားမှုမရှိကြောင်း ကျန်ရစ်သူမိသားစုဝင်များနှင့် အမှုမှန်ပေါ်ပေါက်ရန် လိုက်လံကူညီဆောင်ရွက်ပေးနေ သည့်လူမှုအဖွဲ့ အစည်းများ ကပြောသည်။

အမှုကိစ္စနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာသတင်းထုတ်ပြန်ပေးရန်အတွက် ရည်ရွယ်၍ မိသားစုဝင်များနှင့် အမှုအတွက် ကူညီဆောင်ရွက်ပေးနေသည့်အဖွဲ့အစည်းတို့က စက်တင်ဘာ၈ရက်တွင်မော်လမြိုင်မြို့၌သတင်းစာရှင်းလင်းပွဲနှင့် ဆုတောင်းပွဲ ပြုလုပ်ခဲ့ သည်။

"သေဆုံးသွားသူ၂ဦးက အခု၆လပြည့်သွားပြီး အကျိုးအကြောင်းဘာမှလဲမသိရဘူး၊အကြောင်းပြန်ပေးတာလဲမရှိဘူး၊ကော်မရှင်ကလဲ
လာစစ်သွားတယ်၊မှုခင်းစစ်ဆေးရေးအထူးရဲတပ်ဖွဲ့ကလဲလာစစ်သွားတယ်” ဟု အမှုမှန်ပေါ်ပေါက်ရန်အတွက် ကူညီဆောင်ရွက်ပေးနေသည့် မွန်လူငယ်ကိုစိုးသိန်းက ပြောသည်။

အမှုနှင့်ပတ်သက်ပြီးကမ်းရိုးတန်းစစ်ဌာနချုပ်သို့ သွားရောက်စုံစမ်းခဲ့သော်လည်း  အထက် အမိန့်မကျသေးသည့်အတွက်မည်သို့မှ လုပ်ဆောင်ထားတာမရှိကြောင်းပြောဆိုခဲ့သည်ဟုလည်း၄င်းက ဆက်ပြောသည်။

သေဆုံးသူဦးမိုး၏အစ်ကို ဦးချဲကလည်းအမှုနှင့်ပတ်သက်ပြီး မည်သည့်သတင်းမှ မကြားရကြောင်း မည်သို့ လုပ်ဆောင်ထားသည် ကိုလည်းသိရှိလိုကြောင်း အမှုမှန်ပေါ်ပေါက်စေလိုကြောင်းပြောသည်။

အမှုသွားရောက်စစ်ဆေးခဲ့သည့် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က အကျဉ်းတရားရုံးနှင့် စစ်တရားရုံးတို့ကို စစ်ဆေး ထားပြီးဖြစ်ကြောင်း နောက်ဆုံးအခြေအနေမရောက်သေးသည့် အတွက်မည်သို့ဆုံးဖြတ်ထားသည်ကို မသိသေးကြောင်း ကော်မရှင်အဖွဲ့ဝင်ဒေါက်တာဉာဏ်ဇော်ကပြောသည်။

"ကာကွယ်ရေးဝန်ကြီးဌာနက သူတို့အကျဉ်းတရားရုံးနဲ့စစ်တရားရုံးကသူတို့ စစ်ထားပြီးပြီ၊ဘယ်လိုဆုံးဖြတ်ထား တာလဲဆိုတာတော့ ဆရာတို့မသိနိုင်သေးဘူ နောက်ဆုံးအခြေအနေမရောက်သေးဘူး၊ဆရာတို့သိသလောက်တော့အပြစ်က ဘာပေးထားလဲဆိုတာ မသိရသေးဘူးအပြစ်တော့ပေးမှာဘဲ" ဟု၄င်းကပြောသည်။

မန်ကျည်းချောင်းဝရွာသား တံငါသည်ဦးမိုးနှင့် မောင်ချစ်စိုးတို့၂ဦးကို ကမ်းရိုးတန်းတပ်တပ်ရင်း အမှတ်၂၈၀က ဗိုလ်ကြီးက မတ်လ၈ရက်တွင် မှားယွင်းပစ်ခတ်မိသည်ဟု ခေါဇာမြို့နယ်ရဲစခန်းမှာ ထွက်ဆိုထားကြောင်းသိရသည်။

June 29, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘီးလင်းမြစ်ကြောင်းတစ်လျှောက်ရှိ ရွှေမျောလုပ်ကွက်တွေ သုံးရက်ဆက်တိုက်...
ဓာတ်ပုံ - Earthquake People's Defence Force
June 27, 2026
မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး...
ဓာတ်ပုံ-MOI
June 26, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို  မှတ်ပုံတင် ...
June 25, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူးအသစ် လက်ထက်မှာ...