၃ နှစ်အတွင်း လောပိတလျှပ်စစ်ဖြင့် တစ်ပြည်နယ်လုံးရှိ လူထုများသုံးစွဲနိုင်ရန် ကြိုးပမ်းသွားမည်ဟု ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးက ကတိပြု ပြောကြားလိုက်သည်။
“၂၀၂၀ – ၂၁ မှာ တစ်ပြည်နယ်လုံး မီးရမယ်။ သို့သော်ငြားလည်း တစ်နိုင်ငံလုံးမှာ လျှပ်စစ်ဓါတ်အားရရှိတာက ၃၃ ရာခိုင်နှုန်းပဲ ရှိသေးတယ်။ ကျနော်တို့ ကယားပြည်နယ်မှာ ၇၀ ရနေပြီ ၃၀ ကျန်တယ်။ အဲ့ဒီကျန်တဲ့ ၃၀ ရာခိုင်နှုန်းက ဘယ်လိုသွားဖြစ်နေလဲဆိုရင် Out Off ဖြစ်နေတာ။ လက်ရှိကျနော်တို့ ပေးနေတဲ့ မဟာဓါတ်အားလိုင်းနဲ့ ဝေးသွားပြီ။ ဝေးသွားပြီဆိုတော့ ဘာတွေ ထပ်လိုသလဲဆိုရင် ၃၃ ခွဲရုံတွေလိုတယ်။”ဟု ပြည်နယ်လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူက ကန္တာရဝတီတိုင်း(မ်)သို့ နိုဝင်ဘာ ၂၇ ရက်နေ့က ပြောကြားသည်။
ပြည်နယ်လုံး လွမ်းခြုံပြီး လျှပ်စစ်မီးရရှိမှုမှာ လက်ရှိ၌ ၇၀ ရာခိုင်နှုန်းသာ ရှိနေပြီး ကျန် ၃၀ ရာခိုင်နှုန်းကို သုံးနှစ်အတွင်း တဖြည်းဖြည်းချင်း ရာနှုန်းပြည့် လျှပ်စစ်သုံးစွဲလာနိုင်မည့် စီမံကိန်းမဟာဗျူဟာကိုလည်း ရေးဆွဲထားပြီးဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။
ကျန်ရှိသော လျှပ်စစ်ရရှိရန် ကျပ် ၅၄ ဘီလီယံအထိ သုံးစွဲရမည်ဖြစ်ပြီး ၆၀ ရာခိုင်နှုန်းဖြစ်သော ၃၄ ဘီလီယံကို ပြည်ထောင်စုရန်ပုံငွေဖြင့် ဘတ်ဂျတ် တင်ပြတောင်းခံမည်ဖြစ်ကာ ကျန် ၄၀ ရာခိုင်နှုန်း ၂၀ ဘီလီယံကို ပြည်နယ်ရန်ပုံငွေမှ ခွဲဝေသုံးစွဲသွားရ စီမံကိန်းရေးဆွဲထားကြောင်း ၎င်းကပြောသည်။
ပြည်နယ်လုံးကျွတ်လျှပ်စစ်ရရှိရန် လုပ်ကိုင်ရမည့် အခက်အခဲများအနက် ယခင်က သွယ်တန်းခဲ့သော ဓါတ်အားခွဲရုံများမှတဆင့် လျှပ်စစ်ဓါတ်အားပို့လွှတ်ရန် သတ်မှတ်ထားသော လျှပ်စစ်ဓါတ်အားနှုန်းများ လျော့နည်းနေပြီး ယင်းမှ တဆင့် ထပ်မံသွယ်တန်းပါက လျှပ်စစ်ဓါတ်အားခွဲရုံများ ထပ်မံတိုးချဲ့တည်ဆောက်ရန် လိုအပ်မည်ဟု ဝန်ကြီးကပြောသည်။
ကနဦးလိုအပ်မည့် ၃၃ ကေဗီဓါတ်အားခွဲရုံနှင့် ၃၃ ကေဗီ ဓါတ်အားလိုင်းများကို ဦးစွာတပ်ဆင်ရမည်ဖြစ်ကာ ယင်းမှတဆင့် ၁၁ ကေဗီ ဓါတ်အားခွဲရုံများနှင့် ဓါတ်အားလိုင်းများကို တဆင့်ချင်းစီ တည်ဆောက်သွားရမည်ဟု ၎င်းက ပြောသည်။
၃၃ ကေဗီဓါတ်အားခွဲရုံနှင့် ၁၆ ခုနှင့် ဓါတ်အားလိုင်းများအား ပြည်ထောင်စု ဘတ်ဂျတ်မှ တင်ပြတောင်းခံမည်ဖြစ်ကာ ကျန် ၁၁ ကေဗီ ဓါတ်အားခွဲရုံးနှင့် ဓါတ်အားလိုင်းများကို ပြည်နယ်အစိုးရရန်ပုံငွေမှ ကျခံ သုံးစွဲမည်ဟု ဆိုသည်။
“လက်ရှိကျနော်တို့ ပေးနေတဲ့ မဟာဓါတ်အားလိုင်းတွေနဲ့ ဝေးသွားပြီ ဝေးသွားတဲ့အခါကျတော့ ဘာတွေ ထပ်လိုတာလဲဆိုရင် ၃၃ ခွဲရုံတွေလိုတယ်။ ရှားတောဆို ၆၆ ကနေ ၁၁ ကို ချလိုက်တယ်။ ၆၆ ကနေ ၃၃ မရှိသေးဘူး။ ၃၃ ထပ်လိုတယ်။ ၃၃ ရမှ ကျန်တဲ့ ရွာတွေ ထပ်ရနိုင်မယ်။ ၃၃ ကနေတဆင့် ၁၁ တွေ ထပ်ချဲ့ရင် ရွာတွေနဲ့ နီးသွားမယ်။”ဟု ဝန်ကြီးက ပြောသည်။







