KSCC ဥက္ကဋ္ဌအဖြစ် မူအန်းဂျလာကို ခန့်အပ်ပြီး အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်း

KSCC ဥက္ကဋ္ဌအဖြစ် မူအန်းဂျလာကို ခန့်အပ်ပြီး အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်း
ဓာတ်ပုံ - ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသူ မူအန်းဂျလာ။
ဓာတ်ပုံ - ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသူ မူအန်းဂျလာ။

ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ၏ ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့် ကွယ်လွန်ပြီးနောက် လစ်လပ်သွားသည့် ဥက္ကဋ္ဌနေရာအတွက် အမျိုးသမီးခေါင်းဆောင် မူအန်းဂျလာကို ခန့်အပ်လိုက်ပြီး အလုပ်အမှုဆောင်အဖွဲ့ကိုလည်း ပြန်လည်ဖွဲ့စည်းလိုက်သည်။

စက်တင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်သည့် KSCC ၏ ၂၇ ကြိမ်မြောက် အပတ်စဉ်ပုံမှန်အစည်းအဝေးတွင် အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဥက္ကဋ္ဌနေရာအပါအဝင် အလုပ်အမှုဆောင် အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

KSCC ၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည့် မူအန်းဂျလာက ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်နှင့် ပတ်သက်၍ “ရှေ့ ဆက်လုပ်ငန်းစဉ်အနေနဲ့ KSCC ရဲ့ (၆) လပတ်အစည်းအဝေးမှာ ချမှတ်ထားတဲ့ မဟာဗျူဟာ လုပ်ငန်းစဉ် (၄)ရဲ့ KSCC၏ နိုင်ငံရေးကဏ္ဍ မြင့်တင်ခြင်း၊ ပြည်နယ်စည်းလုံးညီညွတ်ရေး အားကောင်းမှု တည်ဆောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှု နဲ့ အသွင်ကူးပြောင်းရေး အစီ အမံများ ချမှတ်ရေး လုပ်ငန်းစဉ် ၄ ရပ်တွေကို ဆက်လက်ဆောင်ရွက်သွားပါမယ်” ဟု ပြောသည်။

ပြန်လည်ဖွဲ့စည်းလိုက်သည့် အလုပ်အမှုဆောင်အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ကရင်နီပြည်အမျိုးသမီးများအင်အားစုမှ မူအန်းဂျလာ၊ ဒုဥက္ကဋ္ဌအဖြစ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ခူးထဲဘူး၊ အထွေထွေအတွင်းရေးမှူးအဖြစ် ကရင်နီပြည်အမျိုးသမီးများ အင်အားစုမှ ဆိုဖီယာဒေးမြာ၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ကရင်နီပြည်လူငယ် အင်အားစုမှ ခိုးလ်ပက်ထရစ်တို့ အသီးသီး ပါဝင်ကြသည်။

ထို့ပြင် အလုပ်အမှုဆောင်အဖွဲ့ဝင်များအဖြစ် ကရင်နီပြည်ကြားကာလလွှတ်တော်မှ အယ်ဗလင်း၊ ဦးဌေးအောင် နှင့် ကရင်နီအမျိုးသားစည်းလုံး ညီညွတ်ရေးအဖွဲ့မှ စောကလိုမူးတို့ ပါဝင်သည်။

KSCC ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် မူအန်းဂျလာသည် ယခင်က KSCC တွင် တွဲဖက်အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်သည်။

မူအန်းဂျလာကို KSCC ဥက္ကဋ္ဌအဖြစ် ရွေးချယ်လိုက်ခြင်းသည် ကရင်နီပြည်၏ အုပ်ချုပ်ရေးနှင့် နိုင်ငံရေး ဆုံးဖြတ် ချက်ချမှတ်သည့် နေရာများတွင် အမျိုးသမီးများ၏ ပါဝင်မှု ပိုမိုအားကောင်းလာစေသည့် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ဥက္ကဋ္ဌ မော်ဖရေမြာက သုံးသပ်သည်။

ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ဥက္ကဋ္ဌ မော်ဖရေမြာက “ကရင်နီ အမျိူးသမီးအရေးကိစ္စ လူထု အရေးနဲ့ ပတ်သက်တဲ့ အုပ်ချုပ်ရေး၊ နိုင်ငံရေးနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့ နေရာတွေမှာ အမျိုး သမီးတွေရဲ့ ပါဝင်မှုက အလွန် အရေးကြီးပါတယ်။ အမျိုးသမီးတစ်ဦးကို အခုလို အဓိက ဆုံးဖြတ်ချက် ချမှတ် တဲ့နေရာ ပေးတာက ကြားကာလအစီအမံ မူဝါဒအရ လက်တွေ့ အကောင်အထည်ဖော်နေပြီလို့ ပြောလို့ မမှား ပါဘူး” ဟု ဆိုသည်။

KSCC ဥက္ကဋ္ဌဟောင်း ဦးအောင်ဆန်းမြင့်သည် လွန်ခဲ့သည့် ဩဂုတ်လ ၃၀ ရက်နေ့က ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ထိုသို့ လစ်လပ်သွားသည့် ဥက္ကဋ္ဌနေရာနှင့် အလုပ်အမှုဆောင်အဖွဲ့ကို ခုကဲ့သို့ ပြန်လည်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

KSCC သည် ကရင်နီပြည်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည့် အဖွဲ့အစည်းဖြစ်သည်။ လက်ရှိ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) သည်လည်း KSCC က ချမှတ်ထားသည့် အုပ်ချုပ်ရေးယန္တရားအောက်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကြားကာလ အစိုးရအဖွဲ့တစ်ခု ဖြစ်သည်။ 

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...