ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် စစ်ဘေး ရှောင်များ စိုက်ပျိုးထားသည့် စပါးခင်းများ ရေမြုပ်ခဲ့ပြီး စပါးခင်းအချို့တွင် စပါးအဖျင်းများ ဖြစ်ပေါ်နေကြောင်း တောင်သူများက ပြောသည်။
ရေများ ပြန်လည်ကျဆင်းသွားခဲ့သော်လည်း စပါးနှံ ထွက်ခါစ လယ်ကွက်များ၌ စပါးအဖျင်းများဖြစ်ကာ အသီးမအောင်သည့် ထိခိုက်မှုများ ရှိနေကြောင်း စပါးစိုက်ပျိုးသည့် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ဆိုသည်။
“ရေကတော့ ပြန်ကျပြီ။ ဒါပေမယ့် စပါးနှံတွေက စပါးဖျင်းတွေ ဖြစ်ကုန်တယ်။ အသီးမအောင်တော့ဘူး” ဟု ၎င်းက ပြောသည်။
အဆိုပါ ရေကြီးရေလျှံမှုသည် ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် စက်တင် ဘာလ ပထမပတ်ကလည်း ရေကြီးမှုတစ်ခု ဖြစ်ခဲ့သော်လည်း ယခုအကြိမ်ကဲ့သို့ ရေမြုပ်မှု မများပြားခဲ့ကြောင်း တောင်သူများက ပြောပြသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက် ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်းတွင်မူ ရေများ ပြန်လည်ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် စပါးနှံများ စတင်ထွက်ပေါ်နေသည့် အချိန်ဖြစ်သောကြောင့် နောက်ထပ် မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးမည်ကို စိုးရိမ်နေကြကြောင်း စစ်ဘေးရှောင် တောင်သူအမျိုးသားတစ်ဦးက ပြောဆိုသည်။
“ပြီးခဲ့တဲ့နှစ်တွေမှာတော့ ရေက ဒီလိုမကြီးဘူး။ အခုနှစ်မှ ဖြစ်တာ။ အခုချိန်က စပါးနှံတွေ စတင်ထွက်လာပြီ။ စပါးနှံတွေ အကုန်လုံးထွက်ပြီးမှ ရေနောက်ထပ်ကြီးလာရင်တော့ အကုန်လုံး ဆုံးရှုံးမှုတွေ ဖြစ်ကုန်မယ်ထင် တယ်။ စိုးရိမ်ရတယ်” ဟု ၎င်းက ပြောသည်။
မိုးသည်းထန်စွာ ရွာသွန်းချိန်၌ တောင်ကျချောင်းရေများ စုဝေး စီးဝင်လာခြင်းကြောင့် စစ်ဘေးရှောင်များ စိုက်ပျိုး ထားသည့် စုစုပေါင်း ဧက ၅၀ ဝန်းကျင်ရှိ လယ်ဧရိယာအတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
မိုးရွာသွန်းမှု မမှန်ခြင်းကြောင့် ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်အတွင်းရှိ အချို့နေရာများတွင် စပါးပင်များ မသန်စွမ်းဘဲ အထွက်နှုန်း ကျဆင်းလျက်ရှိသကဲ့သို့ ချောင်းအနီးရှိ လယ်ကွက်များတွင်လည်း မိုးရွာသည့် အခါ တိုင်း ရေကြီးရေလျှံမှုများနှင့် ရင်ဆိုင်နေကြရသည်။







