စက်ရုံများဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးမည်ဟု ကယားဝန်ကြီးချုပ်ပြော

စက်ရုံများဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးမည်ဟု ကယားဝန်ကြီးချုပ်ပြော
by -
လင်းသန့်

ဘိလပ်မြေစက်ရုံ၊ အထည်ချုပ်စက်ရုံ၊ ရေအားလျှပ်စစ်စက်ရုံ၊ သစ်အခြေခံစက်ရုံများကဲ့သို့ လုပ်သားအင်အား အများအပြား အသုံးပြုသည့်စက်ရုံများ ကယားပြည်နယ်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံပါက ဦးစားပေးအဖြစ် ခွင့်ပြုမည်ဖြစ်ကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှိုက ပြောကြားလိုက်သည်။

“ဒါတွေ မလုပ်လို့ ရှိရင် ခုနကပြောတဲ့ အလုပ်အကိုင်အခွင့်အလမ်းပေးပါ ပေးပါ။ ၁၀ အောင်တဲ့သူတွေ တပုံကြီး၊ ကွန်ပျူတာဘွဲ့ရတဲ့သူ တပုံကြီး၊ နည်းပညာသင်တန်း ဆင်းတဲ့သူတွေ တပုံကြီး၊ ဘယ်မှာလဲ သူတို့ အလုပ်။ ကျနော်တို့ ပြည်နယ်မှာ စက်ရုံ အလုပ်ရုံမှ မရှိတာ။ ဒါတွေရဖို့အတွက် အများဆန္ဒနဲ့လည်း ကိုက်ညီမယ်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင်လည်းလုပ်မယ်။”ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှိုက ပြောသည်။

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အမှတ်စဉ်(၂/၂ဝ၁၇) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၁ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်က ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာတွင် ဝန်ကြီးချုပ်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။ 

ပြည်နယ်အတွင်းရှိ ပညာတတ်လူငယ်၊ လူရွယ်များအား အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကာ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင်လည်း ပြည်သူများ စိုးရိမ်ပူပန်မှုမဖြစ်စေဘဲ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင်  ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ပြောသည်။

ထို့အပြင် ရင်းနှီးမြှပ်နှံလိုသူများအတွက် အဆင်ပြေစေရန် အစိုးဖက်မှ ပြင်ဆင်ထားသင့်သည့် အချက်များကိုလည်း လုပ်ဆောင်နေခြင်းဖြစ်သည်။   ရင်းနှီးမြှပ်နှံသူများမှ အခြေခံအဆောက်အဦးများ အလွယ်တကူ တည်ဆောက်နိုင်မည့် မြို့နယ်အလိုက် အခြေပြ မြေပုံလမ်းညွှန်များကိုလည်း အသင့်ပြသပေးနိုင်ရန်လည်း စီစဉ်မည်ဖြစ်ကြောင်း သိရသည်။ တရားဝင် စာရင်းအရ ကယားပြည်နယ်အတွင်း မြေလွတ်မြေလပ်၊ မြေရိုင်း ၄ သိန်းဝန်းကျင် ရှိကြောင်းလည်း ဆိုသည်။

စိုက်ပျိုးရေးကဏ္ဍ၊ ကုန်ချောထုတ်လုပ်ရေးကဏ္ဍနှင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်းကဏ္ဍများကို ရင်းနှီးမြှပ်နှံချင်သူများ ရှိပါက အစိုးရဌာနဆိုင်ရာများလည်း ဆွဲဆောင်ဖိတ်ခေါ်ကြရန် ဝန်ကြီးချုပ်က တိုက်တွန်းထားသည်။

ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများအတွက် သတင်းအချက်အလက်မေးမြန်ခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများကို လွယ်ကူစေရန် ကယားပြည်နယ် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)ရုံးကိုလည်း ကယားပြည်နယ်၌ ၂၀၁၇ ခုနှစ် မေလကတည်းက စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ရုံးဖွင့်လှစ်ခြင်းမပြုမှီက ကယားပြည်နယ်အတွင်းသို့ လာရောက်ရင်းနှီးမြှပ်နှံသည့် ရင်းနှီးမြှပ်နှံသူများကို ပြည်ထောင်စုအစိုးရမှ ခွင့်ပြုပေးခဲ့ရသည်။ သို့သော် နောင်ပိုင်းတွင် ကယားပြည်နယ် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)က ပြည်နယ်အဆင့် ခွင့်ပြုပေးနိုင်ရန် လုပ်ပိုင်ခွင့်များကို ခွဲဝေပေးထားပြီဖြစ်သည်။

ကယား DICA ရုံး စတင်ဖွင့်လှစ်ခဲ့သည်မှာ ၆ လတာ အထိရှိနေပြီသော်လည်း လာရောက်ရင်းနှီးမြှပ်နှံမှုများ မရှိသေးကြောင်း သိရသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...