ငြိမ်းချမ်းရေးအတွက် အဖြေရှာရဲတဲ့ သတ္တိရှိကြဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

ငြိမ်းချမ်းရေးအတွက် အဖြေရှာရဲတဲ့ သတ္တိရှိကြဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
by -
အောင်မြတ်သူ

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာငြိမ်းချမ်းရေးအတွက် အဖြေရှာသည့် နေရာတွင် သတ္တိရှိကြရန် လိုကြောင်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်သည်။

လက်နက်ကိုင် အဖွဲဲ့အစည်းများသည် စစ်မြေပြင်တွင် အဓိကလိုအပ်သည်မှာ ရန်သူကို ရင်ဆိုင်ရဲသည့် ရုပ်ပိုင်းဆိုင်ရာ သတ္တိဖြစ်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ် အစည်းအဝေးပွဲများတွင် လိုအပ်သည်မှာ ကိုယ့်ကိုယ်ကိုယ် ရင်ဆိုင်ရဲသည့် စိတ်ပိုင်းဆိုင်ရာ သတ္တိ ဖြစ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။

“ကျွန်မတို့အားလုံးဟာ ငြိမ်းချမ်းရေးအတွက် လိုအပ်တဲ့မှန်ကန်တဲ့ အဖြေတွေကို ရှာရဲတဲ့သတ္တိ ရှိရပါမယ်။ ဒီအဖြေတွေကို ရနိုင်မရနိုင်ဆိုတာလည်း မှန်မှန်ကန်ကန် သုံးသပ်နိုင်ရပါမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။

နိုဝင်ဘာ ၂၇ ရက်နေ့က နေပြည်တော်ရှိအမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) တွင်ကျင်းပပြုလုပ်သော ၆ကြိမ်မြောက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူ စာချုပ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး အဖွင့် မိန့်ခွန်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အလားတူ ငြိမ်းချမ်းရေး ကို လုပ်ဆောင်သည့်နေရာတွင်လည်း တစ်ဖက်နှင့် တစ်ဖက် အမှန်တရားကို ရင်ဆိုင်ရဲသည့် သတ္တိလိုသလို အလျော့့အတင်းများ လုပ်သည့်နေရာတွင် အဆင်သင့်ဖြစ်ဖို့လိုကြောင်း ၄င်းကထပ်မံတိုက်တွန်းပြောဆိုခဲ့သည်။

“ချက်ခြင်းလက်ငင်းအဖြေတွေရှာလို့ မရသေးဘူး ဆိုလို့ရှိရင်လည်း ရှာလို့မရသေးဘူးဆိုတာကို သေသေချာချာ ရင်ဆိုင်ပြီးတော့ အဖြေရအောင်ရှာရမှာပါ။ ကျွန်မတို့တကယ်ပဲ ဆန္ဒရှိတယ်ဆိုလို့ရှိရင် ဘာမဆိုမလုပ်နိုင်စရာ အကြောင်းမရှိပါဘူး” ဟု ၄င်းကပြောကြားခဲ့သည်။

“National Dialogue (အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ)တွေလုပ်တဲ့ အခါမှာ ဘယ်လိုဘယ်လိုလုပ်ချင်တယ်(Standard Operating Procedure-SOP)တွေကိုလည်း UPDJCကတင်ပြလာတဲ့ အပေါ်မှာ လည်းဆွေးနွေးဖို့ အချက် အနည်းငယ် ကို ဆက်လက်ဆွေးနွေးဖို့ကလွဲလို့ ကျန်တာတွေကို အတည်ပြုနိုင်ခဲ့ပါတယ်”ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အစည်းဝေးပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောသည်။

ထို့ပြင် ယခင်က RCSS နှင့်နေရာအခက်အခဲကြောင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်ခဲ့သည့်ကိစ္စကို ယခုအစည်းအဝေးတွင်း ရှမ်းပြည်နယ်လင်းခေးမြို့တွင် လာမည့်ဇန်နဝါရီ လပိုင်းတွင် ကျင်းပရန်သဘောတူညီခဲ့ကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယ အစည်းအဝေးကို လာမည့်ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် ကျင်းပရန် ယခု အစည်းအဝေးက သဘောတူထားကြောင်းလည်း ၄င်းကပြောသည်။

“အားလုံးခြုံပြီးပြောလိုက်ရင်တော့ ကျွန်တော်တို့ ဒီကနေ့ JICM အစည်းအဝေးက အနှစ်သာရပေါ့နော် အနှစ်သာရ ပြည့်ပြည်ဝဝနဲ့ ကျွန်တော်တို့ စေ့စပ်ညှိုနှိုင်းပြီး ပူးပေါင်းဆောင်ရွက်မှု ၊စည်းလုံးညီညွှတ်မှု ဒီအပေါ်မှာ ပေါ်လွင်တဲ့ အောင်မြင်တဲ့ အစည်းအဝေးဖြစ်ပါတယ်” ဦးဇော်ဌေးက ပြောခဲ့သည်။

အစည်းအဝေးကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တပ်မတော်မှ အရာရှိများ၊တပ်မတော်နှင့် အပစ်ရပ်ထားသည့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

 

Most read this week

March 4, 2024
ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန်ဆွေးနွေးခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော်(AA)၏...
February 23, 2024
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အားကစားရုံအတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့ အစည်းအဝေး...
February 22, 2024
တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ်တွင် ယမန်နေ့ဖေဖော်ဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း...
February 21, 2024
ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင် စစ်ကောင်စီတပ်စခန်းတခုသာရှိတော့ပြီး မြို့ကိုဝိုင်းထား ကြောင်း...