ထိုင်းနယ်စပ်ရှိ ရှမ်းဒုက္ခသည်များကို ကူညီထောက်ပံ့ရန် ရန်ပုံငွေ ဘတ်ငွေ တစ်သိန်းကျော် ကျော်ရရှိ

ထိုင်းနယ်စပ်ရှိ ရှမ်းဒုက္ခသည်များကို ကူညီထောက်ပံ့ရန် ရန်ပုံငွေ ဘတ်ငွေ တစ်သိန်းကျော် ကျော်ရရှိ
by -
ဖနိဒါ

ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းဒုက္ခသည်များနှင့် နယ်ရပ်စွန့်ခွာ ပြည်သူများ (IDP) ရှမ်းတိုင်းရင်းသား ဒုက္ခသည်များ အတွက် စားနပ်ရိက္ခာများ ကူညီထောက်ပံ့နိုင်ရန်အတွက် ထိုင်းနိုင်ငံမြောက်ပိုင်း ထိုင်းအနုပညာရှင်များ ပါဝင်သော ရန်ပုံငွေ ရှာဖွေပွဲကို နိုဝင်ဘာလ ၁၅ ရက်နေ့ ညက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သည်။

ရှမ်းတိုင်းရင်းသား ဒုက္ခသည် ၆၀၀၀ ကျော်ကို ကူညီထောက်ပ့ံရန် ရှမ်းပြည်နယ် ဒုက္ခသည်များ ကော်မတီက ထိုင်းအနပညာရှင်များနှင့် ရန်ပုံငွေ ရှာဖွေရေးဖျော်ဖြေပွဲ ကျင်းပခဲ့ရာ အလှူငွေ ၁၃၀၀၀ ကျော် ရရှိခဲ့သည်ဟု ဖျော်ဖြေပွဲဖြစ်မြောက်ရေး တာဝန်ခံ နန်းခမ်းအုံက ပြောသည်။

“မနေ့ညက ငွေသား တစ်သိန်း သုံးသောင်းလောက်တော့ ရတယ်။ စာရင်းမပိတ်ရသေးဘူး။ ဘဏ်ထဲကနေ လွှဲလာတာတွေလည်းရှိတယ်ဆိုတော့ ဒီနေ့ စောင့်ကြည့်နေပေးအုန်းမယ်။ ကျွန်မတို့ အများကြီးကျေးဇူးတင် တယ်။ ဒီလောက်ရမယ်လို့ မထင်ထားဘူး။ အများကြီး ကျွန်မတို့ ကျေးဇူးတင်တယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ရရှိသော ထိုအလှူငွေများဖြင့် ဆန်နှင့် ဆီများ ဝယ်ယူ၍ ယခုလအတွင်း ရှမ်းဒုက္ခသည်စခန်းသို့ သွားရောက် လှူဒါန်းသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

ထိုင်းနှင့်ရှမ်းလူငယ်အနုပညာရှင်များက တေးသီချင်းများ ဖျော်ဖြေခြင်း၊ ရှမ်းအစားအစာများ ရောင်းခြင်း၊ ဝင်ကြေးအဖြစ် တစ်ဦးလျှင် ဘတ်ငွေ ၁၀၀ ကောက်ခံခြင်းဖြင့် ရံပုံငွေ ရှာဖွေပွဲ ပြုလုပ်ခဲ့ခြင်း နှင့် ရှမ်းပြည်နယ် ဒုက္ခသည်များကော်မတီမှ တာဝန်ခံများလည်း ဒုက္ခသည်စခန်း၏ အခက်အခဲများကို တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်

ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ရှမ်းနှင့် ထိုင်းလူငယ်အနုပညာရှင်များက အဆိုပါ ဒုက္ခသည်စခန်းရှိ ဒုက္ခသည်များသို့ သွားရောက်၍ အခက်အခဲ ကြုံတွေ့နေရသည်ကို မြင်တွေ့ခဲ့ရသဖြင့် ၄င်းတို့ဘက်က သတ်နိုင်သလောက် သီဆိုဖျော်ဖြေပွဲ ကျင်းပရန် စီစဉ်ခဲ့ခြင်း ဖြစ်ပြီး ရရှိသော အလှူငွေအားလုံးကို လှူဒါန်းသွားမည် ဖြစ်ကြောင်း သူက ပြောဆိုခဲ့သည်။

၁၉၉၉ ခုနှစ်ကတည်းက တည်ရှိသော မြန်မာနယ်စပ်ရှိ ကောင်းမုန်မုန်း၊ လွိုင်လမ်၊ လွိုင်ဆမ်ဆစ်၊ လွိုင်ကော်ဝမ်၊ ထိုင်းဘက်ခြမ်းရှိ ကုန်းကျော် စခန်း စသည့် ဒုက္ခသည်စခန်း ၆ ခုရှိ ဒုက္ခသည် ၆ဝဝဝအတွက် အလှူရှင်များက ပြီးခဲ့သည့် စက်တင်ဘာလမှစတင်၍ ရပ်ဆိုင်းလိုက်သဖြင့် ယခုကဲ့သို့ လှုပ်ရှားမှုများ ဖျော်ဖြေပွဲများ ကျင်းပ၍ ရံပုံငွေ ရှာဖွေရခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ ရှမ်းဒုက္ခသည်စခန်း ၆ ခုတွင် စားနပ်ရိက္ခာပြတ်တောက်လိုက်ရသဖြင့် အခက်အခဲ အကြပ်အတည်းနှင့် ရင်ဆိုင်နေရကာ အဓိကအားဖြင့် ဆန်၊ ဆီများ အရေးတကြီး လိုအပ်နေသည်ဟု ရှမ်းပြည်နယ်ဒုက္ခသည်များ ကော်မတီ ဥက္ကဌ လုစိုင်းလျန်က နိုဝင်ဘာလ ၁၅ ရက်နေ့က မဇ္စျိမကို ပြောဆိုခဲ့သည်။

ဒုက္ခသည်များ ခိုလှုံနေသော အဆိုပါ ဒုက္ခသည်စခန်းများတွင် တောင်ပေါ်ဒေသဖြစ်ပြီး သီးနှံများ စိုက်ပျိုး စားသောက်ရန် မရသလို၊ အလုပ်လုပ်ကိုင်ရန်လည်း ခက်ခဲသည်ဟု သိရသည်။

အခြေခံ စားနပ်ရိက္ခာ ဆန်၊ ဆီ၊ ဆား ထောက်ပ့ံပေးနေသည့် နယ်စပ်တလျှောက်ရှိ ကယ်ဆယ်စောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBC) က ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်၍ စားနပ်ရိက္ခာများ ထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်သဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများကို ရှမ်းပြည်နယ် ဒုက္ခသည်များကော်မတီက ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

၁၉၉၆-၉၈ ခုနှစ် ဖြစ်ပွားခဲ့သော တပ်မတော်နှင့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲများကြောင့် ရှမ်းပြည်နယ် အလယ်ပိုင်းရှိ ကျေးရွာပေါင်း ၁၄၀၀ ကျော်မှ ပြည်သူ ၃ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ပြီး တချို့သည် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သူများ ဖြစ်သည်ဟု သိရသည်။ 

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...