ရခိုင်မြောက်ပိုင်း၊ မောင်တောမှ ဒေသခံတိုင်းရင်းသားအချို့ နေရပ်စွန့်ခွာပြီး မြေပုံမြို့သို့ ပြောင်းရွှေ့

ရခိုင်မြောက်ပိုင်း၊ မောင်တောမှ ဒေသခံတိုင်းရင်းသားအချို့ နေရပ်စွန့်ခွာပြီး မြေပုံမြို့သို့ ပြောင်းရွှေ့

ရခိုင်မြောက်ပိုင်း၊ မောင်တောဒေသ ဒုချီးရားတန်းမှ ရခိုင်တိုင်းရင်းသား ရ၈ ဦးဟာ မြေပုံမြို့နယ်သို့ ပြောင်းရွှေ့လာကြောင်း သိရသည်။

“ ကျွန်တော်တို့ ဒီမှာပဲ အခြေချဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ အဲဒီကို ပြန်မသွားတော့ပါဘူး။ အစိုးရက ဘယ် လောက်ပဲ အေးချမ်းပြီလို့ ပြောပြော ကျွန်တော်တို့ မနေရဲတော့ပါဘူး” လို့ မြေပုံမြို့နယ်ကို ပြောင်းရွှေ့ လာသော ဒုက္ခသည် ရ၈ ဦးအနက်မှ မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာနေ ဦးဘမောင်က ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့ မနက် ၉ နာရီ အချိန်ခန့်တွင် ပြောသည်။

အရွယ်မရောက်သေးသော ကလေးငယ် ၃၀ ထက် မနည်းပါဝင်သည့် ဒုက္ခသည် ရ၈ ဦးသည် လွန်ခဲ့တဲ့ တစ်လကျော်ခန့်မှ စတင်ပြီးမောင်တောမြို့နယ်ကို စွန့်ခွာလာသူများ ဖြစ်ကြောင်း သိရသည်။

စတင် စွန့်ခွာလာချိန်တွင် ကျောက်တော်မြို့နယ် သာသနာ့ဗိမ္မာန်ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေထိုင်ခဲ့ပြီး အစောပိုင်းက မြေပုံမြို့နယ်၏ မြို့ပြင်ပ တောစပ်တွေနဲ့ မြို့တွင်းပိုင်းမှ ဆွေမျိုးများဆီမှာ ပြန့်ကြဲနေထိုင်ခဲ့ကြသည်။

ယခု အဆိုပါ သူများမှာ တစုတစည်းတည်းအဖြစ် ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမရှိ မြေပုံမြို့နယ် မီးကျောင်းတပ် အရှေ့ဘက် ကွင်းပြင်မှာ အခြေချနေထိုင်နေကြခြင်း ဖြစ်သည်။

“အောက်တိုဘာလ ၂၉ ရက်နေ့က စပြီးတော့ အဲဒီကွင်းပြင်မှာ တဲအိမ်တွေကို စတင် တည်ဆောက် နေထိုင် လာကြသလို မြို့ပေါ်က ကောက်ခံရရှိတဲ့ အလှူငွေများနဲ့ သူတို့ရဲ့ အခြေခံစားဝတ်နေထိုင်ရေးကို ဖြေရှင်း ပေးထားရတယ်” ဟု တိမ်းရှောင်ဒုက္ခသည်များအရေး လိုက်ပါကူညီပေးနေတဲ့ မြေပုံမြို့နယ် မီးကျောင်းတပ်က မခင်အေးက ပြောသည်။

“ မြို့ပေါ်က ကျေးရွာတွေကို သွားရောက်ပြီးတော့ သူတို့ရဲ့ အခြေခံ စားဝတ်နေရေးကိစ္စတွေအတွက် ပိုက်ဆံတွေ အလှူခံပြီး လောလောဆယ် ဖြေရှင်းထားပါတယ်။” ဟု မခင်အေးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၂၅ ရက်နေ့တွင် ရဲကင်းစခန်းပေါင်း ၃၀ ကျော် တိုက်ခိုက်ခံခဲ့ရပြီး တာဝန်ရှိသူအဖြစ် ARSA ကို အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့ပြီး တုံ့ပြန်အရေးယူရှင်းလင်းမှုတွေ ဆောင်ရွက်နေစဉ် အတောအတွင်း ဒုက္ခသည်ပေါင်း ၅ သိန်းထက်မနည်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ယခုချိန်ထိ ဆက်လက် စွန့်ခွာနေကြ ဆဲဖြစ်ကြောင်း တွေ့ရသည်။

ဒုက္ခသည်များအနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားသူများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များကို ထွက်ပြေးလာသူများ ရှိနေပြီး ယခုအချိန်မှာတော့ စိစစ်ပြန်ခေါ်ယူနေကာ ရခိုင်ပြည်နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းတွေကို နိုဝင်ဘာလ ၂ ရက်နေ့ နောက်ဆုံးထားပြီး ပိတ်သိမ်းရန် အစိုးရက အမိန့်ထုတ်ပြန်ထားသည်။

နေရပ်စွန့်ခွာလာသူ ရခိုင်တိုင်းရင်းသားများအနက် အစိုးရအမိန့်နှင့် နေရပ်ပြန်လည်သွားရောက်ရှိနေကြသူများ ရှိပြီး စိုးရိမ်မှုကြောင့် မပြန်လိုသူများအပါအဝင် ယခု မြေပုံကို ရောက်ရှိလာသော ဒုက္ခသည်များကဲ့သို့ နေရပ်စွန့်ခွာမှုတွေကလည်း ရခိုင်ပြည်နယ်အတွင်းမှာ ဆက်လက်ရှိနေဆဲဖြစ်သည်ဟု သိရသည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...