စစ်ပြေးရှောင် ဒုက္ခသည်တွေကို ကိုယ်တိုင် ကူညီသွားပေးခဲ့တဲ့ ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောငြိမ်းနဲ့ မေးမြန်းခန်း

စစ်ပြေးရှောင် ဒုက္ခသည်တွေကို ကိုယ်တိုင် ကူညီသွားပေးခဲ့တဲ့ ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောငြိမ်းနဲ့ မေးမြန်းခန်း
by -
နိရဥ္စရာ
ဧပြီလ ၂၈ ရက်နေ့က ကျောက်တော်မြို့နယ်က အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေ ဟာ တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဒေသအထိ ကိုယ်တိုင်သွားရောက်ပြီး စစ်ဘေးရှောင် ဒုက္ခသည်တွေကို အကူအညီတွေ သွားရောက်ပေးအပ်ခဲ့ပါတယ်။ အဲဒီအထဲမှာ ပါ၀င်တဲ့ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောငြိမ်းကို မေးမြန်းပြီး သူတို့တွေ့ရှိခဲ့တဲ့ အခြေအနေကို တင်ပြပေးလိုက်ပါတယ်။

မေး- ဒုက္ခသည်တွေကို ကိုယ်တိုင် အကူအညီ သွားပေးတယ်ဆိုတော့ ဘယ်အထိ ရောက်ပါသလဲ ခင်ဗျား။

ဖြေ-  ကျွန်တော်တို့ စပါးဆိပ်ရွာထိ ရောက်ပါတယ်။

မေး- ဘယ်အကူအညီတွေ ပေးခဲ့ပါသလဲ။ ဘယ်လိုမျိုး ရိက္ခာတွေပါလဲ ခင်ဗျား။

ဖြေ- ကျွန်တော်တို့ ပေးတာကတော့ ဆန်ရယ်၊ အာလူး၊ ဆီရယ်၊ ဟင်းချိုမှုန့်ရယ်၊ ငါးသေတ္တာ၊ ကြက်သွန်ဖြူ စတာတွေ ဖြစ်ပါတယ်။

မေး- ဟုတ်ပါတယ်။ အဲဒီမှာ ဒုက္ခသည် ဘယ်နှစ်ဦးများတွေ့ခဲ့ပါသလဲ ခင်ဗျား။

ဖြေ- ကျွန်တော်တို့ ၄၀၇ ဦးတွေ့ခဲ့ပါတယ်။

မေး- အဲသလို သွားပေးတဲ့ အခါ အနှောင့်အယှက်တွေကော ရှိခဲ့ပါသလား။

ဖြေ-  အနှောင့်အယှက်တွေ မရှိပါဘူး။ ကျွန်တော်တို့ ဒီမှာသွားမယ်ဆိုကတည်းက ဒီဘက် လွှတ်တော်ကိုယ်စားလှယ် သွားမယ်ဆိုတော့ အကြောင်းကြားထားတာတွေ ရှိပါတယ်။ အဲဒီအပေါ်မှာ သူတို့နဲ့ အဆက်အသွယ်လုပ်တယ်။ ခွင့်ပြုပါတယ်။ ရဲ သုံးယောက် လုံခြံုရေးထည့်ပေးပါတယ်။ ကျွန်တော် ချောချောမွေ့မွေ့နဲ့ ဘာအနှောင့်အယှက်မှ မရှိဘဲ အောင်အောင်မြင်မြင် ရောက်သွားပါတယ်။

မေး- အဲဒီမှာ ဖမ်းဆီးထားတဲ့ လူတွေရှိတယ်လို့လည်းကြားရပါတယ်။ အဲဒီသူတွေနဲ့ တွေ့ခဲ့ပါသလား။

ဖြေ- ဟုတ်ကဲ့ပါ။ အဲဒီမှာ ဖမ်းဆီးခံထားရတဲ့ လူ ၁၁ ဦးနဲ့ တွေ့ခွင့်ပေးပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးလည်း အဲဒီမှာ ရှိနေတဲ့ ဗျူဟာမှူး ၀င်းသူနဲ့တွေ့ပြီး တင်ပြဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ ဗိုလ်မှူးကြီးတို့ အနေနဲ့ ဒါ စစ်ဆေးမေးမြန်းတဲ့အချိန်မှာ တချို့ ပေ့ါနော်၊ မသင်္ကာ ဖမ်းဆီးသူတွေလည်း ရှိကောင်းရှိမယ်ပေါ့လေ။ ရှိကောင်းရှိမယ်။ သို့ပေမယ့်လည်း ဥပဒေအရ စစ်တာ ဆေးတာ လုပ်ပါ။ ညှဉ်းပမ်းနှိပ်စက်မှုတွေ မလုပ်ပါနဲ့။ တကယ်လို့ အပြစ်မရှိဘူးဆိုရင် ပြန်လွှတ်ပေးပါ။ ဒီဆွေးနွေးချက်တွေ မူတည်ပြီး ဒီအပေါ်မှာ ကျွန်တော်တို့ သဘောတူညီတွေ ရခဲ့ပါတယ်။ ဟုတ်ကဲ့ပါ။

မေး- ဖမ်းဆီးခံထားရသူ ဘယ်နှစ်ဦးတွေ့ခဲ့ပါသလဲ။

ဖြေ- ကျွန်တော်တို့တွေ့ခဲ့တာ ၁၁ ဦးပါ။

မေး- ဟုတ်ကဲ့။ သူတို့ရဲ့ နာမည်တွေကို ပြောပြလို့ရမလား။

ဖြေ-  သူတို့ကျတော့ ဦးဇော်ဝင်းမောင်၊ ကိုမောင်သန်းမြင့် အပါအဝင် ၁၁ ဦးကို တွေ့ခဲ့ပါတယ်။

မေး- သူတို့ကို ဘာကြာင့် ဖမ်းတာပါလဲ ခင်ဗျား။

ဖြေ- သူတို့ကို ဘာကြောင့် ဖမ်းသလဲ ကျွန်တော်တို့ မေးတဲ့အခါ လက်ရှိ ကျွန်တော်တို့တစ်ဘက် တိုင်းရင်းသား အဖွဲ့အစည်းနဲ့ ဒါအဆက်အသွယ်ရှိတယ်လို့ သူတို့ သံသယရှိတယ်ပေါ့လေ။ အဲဒီအချိန်မှာ စစ်တာ ဆေးတာလောက်ဘဲ ရှိပါတယ်။ တချို့ ကြမ်းကြမ်းတမ်းတမ်း ပြုမူဆက်ဆံတာ မရှိပါဘူးလို့ သူတို့က ဗျူဟာမှူး ၀င်းသူက ပြောပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကလည်း သူတို့ကို မြန်မြန်ဆန်ဆန် ပြန်လွှတ်ပေးဖို့ပေ့ါလေ။ ဒါလုံခြံုရေးအရ၊ စစ်ဘက်ဆိုင်ရာဆိုတော့ ကျွန်တော်တို့ကလည်း အတင်းအဓမ္မ ၀င်ရောက် စွက်ဖက်လို့ မကောင်းတဲ့အခါ ကျတော့လည်း ဥပဒေအတိုင်း လုပ်မှာပေါ့။ ပြန်လွှတ်ဖို့ ညှိနိုင်းဆောင်ရွက်ခဲ့ပါတယ်။ ဟုတ်ကဲ့ပါ။

မေး- ၀ဲကြီးချောင်း လင်းစင်ရွာသစ်မှာ လူတွေအများအပြား ဖမ်းဆီးနှိပ်စက်ခံနေရတယ်ဆိုပြီး ရွာသားတွေက သတင်းပို့ထားပါတယ်။

ဖြေ- ကျွန်တော်တို့ လင်းစင်ရွာသစ်ကို ရောက်ခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ ဆရာတော်နဲ့လည်း တွေ့ပါတယ်။ နောက်ပြီး တပ်က အရာရှိတွေနဲ့လည်း တွေ့ပါတယ်။ တွေ့တဲ့အခါ ရွာသားတွေနဲ့တော့ တွေ့ခွင့်မရခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ နေမှောင်နေတဲ့အချိန် ဖြစ်နေတော့ အခါကျတော့ ကျွန်တော်တို့ ဒီ ဘုန်းကြီးကျောင်းမှာပဲ ကျေးရွာအုပ်ချုပ်မှူးခေါ်ပြီးတော့- အဲဒီမှာ ရှိတဲ့ ရွာက လူကြီးတွေကို ဖိတ်ခေါ်ပြီး ရိက္ခာတွေ၊ ထောက်ပံ့ပစ္စည်းတွေကို ပေးခဲ့ပါတယ်။ ကျွန်တော်တို့ရွာထဲကိုတော့ မဝင်ခဲ့ရပါဘူး။ ကျွန်တော်တို့ ကမ်းနားမှာရှိတဲ့ ဘုန်းကြီးကျောင်းဆိပ်ကမ်းထိပဲ ကပ်ပြီး ကူညီဆောင်ရွက်ခဲ့တာ ရှိပါတယ် ခင်ဗျား။

မေး- ကိုစောငြိမ်းနဲ့အတူ ဘယ်သူတွေ ပါ၀င်ပါသလဲ။

ဖြေ-  ကျွန်တော်တို့ အဖွဲ့ထဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဟောင်း ဦးသာစိန်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်နဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လှကြိုင်တို့ ပါ၀င်ပါတယ်။ နောက်တော့ မြို့မိမြို့ဖတွေ ပါ၀င်ပါတယ်။

Most read this week

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...